နိုင်ငံတွင်း COVID-19 ကူးစက်မှုလျှော့ချရေး စည်းမျဉ်းများတွင် လျော့ရဲမှုများရှိခဲ့သည့်အတွက် အများပြည်သူအား တောင်းပန်ပါကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဇူလိုင် ၁၄ ရက်တွင် ပြောဆိုခဲ့သည်။
ပြည်ပတွင် COVID-19 ကူးစက်ခံရပြီးနောက် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသူနှစ်ဦးနှင့်ပတ်သက်၍ သီးခြားထားရှိစောင့်ကြည့်ရေးစည်းမျဉ်းများ လျော့ရဲခဲ့ပြီးနောက် နိုင်ငံတွင်း COVID-19 ကူးစက်မှု ပြန်လည်မြင့်တက်လာနိုင်ကြောင်း စိုးရိမ်မှုများရှိခဲ့သည်။
အီဂျစ်စစ်ဘက်ဆိုင်ရာလေယာဉ်တစ်စင်းမှ အသက် ၄၃ နှစ်အရွယ် ဝန်ထမ်းတစ်ဦးနှင့် ဆူဒန်သံတမန်တစ်ဦး၏မိသားစုမှ အသက် ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးတို့ COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီး ၎င်းတို့မှတစ်ဆင့် ကူးစက်မှုဒုတိယလှိုင်းရှိလာနိုင်ကြောင်း အစိုးရက ပြောဆိုခဲ့သည်။ ထိုင်းနိုင်ငံ၌ COVID-19 ပြည်တွင်းကူးစက်မှုမရှိသည်မှာ ရက်သတ္တပတ်ခြောက်ပတ်ကျော်ရှိနေပြီဖြစ်သောကြောင့် နိုင်ငံတွင်း ကူးစက်သူ ၃၂၂၀ နှင့် သေဆုံးသူ ၅၈ ဦးမှ တိုးလာခြင်းမရှိချေ။
လေယာဉ်အမှုထမ်းများနှင့် နိုင်ငံခြားသံတမန်များ၏မိသားစုဝင်များကိုမူ ၁၄ ရက်သီးခြားနေထိုင်နေရမည်ဆိုသည့် စည်းမျဉ်းဖြင့် မတ်လကတည်းက နိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုထားသည်။ အီဂျစ်နိုင်ငံသားလေယာဉ်အမှုထမ်းသည် ဇူလိုင် ၈ ရက်တွင်ရောက်ရှိပြီး အခြားလေယာဉ်အမှုထမ်းတချို့နှင့်အတူ နိုင်ငံအရှေ့ပိုင်းရှိ ရာယွန်ခရိုင်၌ နေထိုင်ခဲ့ကာ ဇူလိုင် ၁၁ ရက်တွင် နိုင်ငံတွင်းမှထွက်ခွာခဲ့သည်။ အဆိုပါအီဂျစ်နိုင်ငံသား၏ COVID-19 စစ်ဆေးမှုရလဒ်ထွက်လာသည့် ဇူလိုင် ၁၂ ရက်တွင် အာဏာပိုင်များသည် ၎င်းသီးခြားနေထိုင်နေရသည့် ဟိုတယ်သို့သွားရောက်ခဲ့ရာ နိုင်ငံတွင်းမှ ထွက်သွားပြီဖြစ်ကြောင်း သိရသည်။ ဆူဒန်သံတမန်၏သမီးကလေးငယ်သည် အစိုးရသီးခြားထားရှိစောင့်ကြည့်ရေးစခန်းတစ်ခု၌ ဆေးကုသမှုခံယူနေသည်။
“ရာယွန်ရဲ့ အခြေအနေကိုပဲ အဓိကထားရပါမယ်၊ ဒီလိုနေ့တွေမှာ အဲ့လိုမဖြစ်သင့်ခဲ့ပါဘူး၊ စည်းမျဉ်းတွေကိုမလိုက်နာဘူး၊ စည်းကမ်းမရှိသလို လူ့အဖွဲ့အစည်းအပေါ်လည်း ထောက်ထားငဲ့ညှာမှုမရှိဘူးလေ၊ ဒါကြောင့် ပြဿနာတွေဖြစ်လာတာပေါ့”ဟု ဗိုလ်ချုပ် ပရာယွတ်ကပြောဆိုခဲ့သည်။
ထိုင်းဝန်ကြီးချုပ်သည် COVID-19 အခြေအနေကြီးကြပ်ရေးဗဟိုဌာန၏ဥက္ကဋ္ဌလည်းဖြစ်သည်။ အီဂျစ်လေယာဉ်အမှုထမ်းများ ရာယွန်၌ရှိစဉ်က ဈေးဝယ်စင်တာကြီးတစ်ခုသို့ လူ ၁၈၀၀ ခန့်လာရောက်ခဲ့ကြောင်း ဗဟိုဌာန၏ပြောခွင့်ရှိသူ တာဝီးဆင် ဝိဿနုယိုသင်းကပြောဆိုခဲ့သည်။ ယင်းလူပုဂ္ဂိုလ်များအနေဖြင့် ရောဂါကူးစက်နိုင်ခြေရှိသဖြင့် မိမိတို့နေအိမ်များမှာပင် သီးခြားနေထိုင်သင့်ကြောင်း ရာယွန်ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။

















