အင်ဒိုနီးရှားနိုင်ငံ၌ သြဂုတ် သို့မဟုတ် စက်တင်ဘာတွင် COVID-19 ကူးစက်သူဦးရေ အမြင့်ဆုံးအထိရောက်ရှိလာနိုင်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် အန်တာရာသတင်းဌာနက ဇူလိုင် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။
“သတင်းအချက်အလက်တွေပေါ်မူတည်ပြီး ပြောရမယ်ဆိုရင် သြဂုတ် သို့မဟုတ် စက်တင်ဘာမှာ ကူးစက်သူအမြင့်ဆုံးအထိရှိလာနိုင်တယ်၊ ဒါက ကျွန်တော် နောက်ဆုံးခန့်မှန်းကြည့်တာ၊ ဒါပေမဲ့ အခုအချိန်မှာ စည်းကမ်းလိုက်နာကြမယ်ဆိုရင် ကူးစက်သူဦးရေပမာဏက ပြောင်းလဲသွားနိုင်တယ်” ဟု ဝီဒိုဒိုကပြောဆိုခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ မေ သို့မဟုတ် ဇွန်တွင် COVID-19 ကူးစက်သူ ၉၅၀၀၀ အထိရှိပြီး အမြင့်ဆုံးအထိရောက်ရှိလာနိုင်ကြောင်း အစိုးရအကြံပေးတစ်ဦးက ဧပြီတွင် ခန့်မှန်းခဲ့ဖူးသည်။ ကူးစက်မှုထိန်းချုပ်ရေးအတွက် ပိုမိုအားထုတ်ကြိုးပမ်းရန် ဝီဒိုဒိုက ဝန်ကြီးများအား တိုက်တွန်းထားပြီးဖြစ်သည်။ COVID-19 တိုက်ဖျက်ရေးထိရောက်မှုမရှိပါက ဝန်ကြီးအဖွဲ့ဝင်များပြောင်းလဲခြင်း၊ ဝန်ကြီးဌာနများ ဖျက်သိမ်းခြင်းကို လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက သတိပေးခဲ့ပြီးဖြစ်သည်။
အင်ဒိုနီးရှား၌ ဇူလိုင် ၁၄ ရက်အထိ COVID-19 ကူးစက်သူ ၇၈၅၇၂ ဦးနှင့် သေဆုံးသူ ၃၇၁၀ ဦးရှိနေပြီဖြစ်ကာ တရုတ်အပြင်ဘက်ရှိ အရှေ့အာရှတွင် ကူးစက်သူအများဆုံးရှိနေသည်။ အနောက်ဂျာဗားရှိ စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးသင်တန်းကျောင်း၌ လွန်ခဲ့သောအပတ်တွင် အစုလိုက်အပြုံလိုက်ကူးစက်မှုရှိခဲ့သည်။ သင်တန်းကျောင်းရှိ အရာရှိလောင်း ၁၂၆၂ ဦး COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးဖြစ်သည်။
တစ်ချိန်တည်းမှာပင် အင်ဒိုနီးရှားအစိုးရသည် အများပြည်သူဆိုင်ရာနေရာများ၌ နှာခေါင်းစည်းမတပ်သူများအပေါ် ပြစ်ဒဏ်ချမှတ်ရန်လည်း ပြင်ဆင်နေပြီဖြစ်သည်။

















