အိန္ဒိယ၌ COVID-19 တိုက်ဖျက်ရေး နှာခေါင်းစည်းမတပ်သူများကို ဒဏ်ငွေချမှတ်

အိန္ဒိယ၌ COVID-19 တိုက်ဖျက်ရေး နှာခေါင်းစည်းမတပ်သူများကို ဒဏ်ငွေချမှတ်

အိန္ဒိယ၌ COVID-19 တိုက်ဖျက်ရေးလုပ်ဆောင်မှုတစ်စိတ်တစ်ပိုင်းအဖြစ် အများပြည်သူဆိုင်ရာနေရာများတွင် နှာခေါင်းစည်းမတပ်သူများအား ရဲတပ်ဖွဲ့ဝင်များက ဒဏ်ငွေရိုက်နေပြီဖြစ်သည်။

အငှားယာဉ်များ ပြန်လည်မောင်းနှင်ခွင့်ရရှိခဲ့သည့် လွန်ခဲ့သော တစ်လမှစ၍ ရူပီး ၅၀၀( ဒေါ်လာ ၆ ဒသမ ၅၀) နှစ်ကြိမ် ဒဏ်ရိုက်ခံခဲ့ရပြီးဖြစ်ကြောင်း အငှားယာဉ်မောင်း မူနစ် တီဝါရီကပြောဆိုခဲ့သည်။ နှာခေါင်းစည်းတပ်ထားလျှင် အသက်ရှူမဝသောကြောင့် ခရီးသည်များမရှိချိန်တွင် ခဏဖြုတ်ထားလိုက်ခြင်းဖြစ်ကြောင်း တီဝါရီကပြောဆိုခဲ့သည်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိသော အိန္ဒိယနိုင်ငံ၌ လူအများစုသည် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်းနှင့် နှာခေါင်းစည်းတပ်ခြင်း အစရှိသည့် စည်းမျဉ်းများနှင့်ပတ်သက်၍ မလိုက်နာဘဲရှိနေကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက မကြာသေးမီတွင် ဝေဖန်ပြောဆိုခဲ့ပြီးဖြစ်သည်။

အိန္ဒိယ၌ COVID-19 ကူးစက်သူ ၈၈၀၀၀၀ နှင့် သေဆုံးသူ ၂၃၀၀၀ ကျော်ရှိနေသည်။ အိန္ဒိယရှိ မြို့ကြီးပြကြီးများ၌ နှာခေါင်းစည်းကို နှားရွက်များတွင် တွဲလွဲချိတ်ထားသူများ၊ မေးစေ့အောက်သို့ နှာခေါင်းစည်းတစ်ခုလုံးကို ဆွဲချထားသူများ၊ နှာခေါင်းကိုဖော်ကာ နှာခေါင်းစည်းတပ်ထားသူများကို မြင်တွေ့နေရသည်။ နှာခေါင်းစည်းမတပ်ထားသူများကိုလည်း တွေ့မြင်နေရသည်။

မတ်မှစ၍ နှာခေါင်းစည်းမတပ်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာမနေခြင်းတို့ကြောင့် ဒဏ်ငွေရိုက်မှုအကြိမ် ၄၂၀၀၀ ကျော်ကို ပြုလုပ်ခဲ့ရပြီးဖြစ်ကြောင်း ဒေလီရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ ဇူလိုင် ၁၂ ရက် တစ်ရက်တည်းမှာပင် ဒဏ်ငွေရိုက်မှု ၇၉၂ မှုကိုပြုလုပ်ခဲ့ရသည်။

ဒဏ်ငွေပမာဏကလည်း အမျိုးမျိုးကွဲပြားသည်။ ဘန်ဂလော၌ ရူပီး ၂၀၀ အထိနှင့် မွမ်ဘိုင်း၌ ရူပီး ၁၀၀၀ အထိ ဒဏ်ငွေချမှတ်နေသည်။ တစ်လအတွင်း ဒေါ်လာ ၁၃၂၀၀၀ ကျော်နှင့်ညီမျှသော ဒဏ်ငွေပမဏကို ချမှတ်ခဲ့ရပြီးဖြစ်ကြောင်း ဘန်ဂလောရဲမှူး ဟဲမန့် နမ်ဘယ်ကာက လွန်ခဲ့သောအပတ်တွင်ပြောဆိုခဲ့သည်။