အမေရိကန်ပြည်ထောင်စုသည် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများကြား ရန်လိုမှုရှိလာစေရန် သွေးထိုးလှုံဆော်နေကြောင်း တရုတ်အစိုးရက ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်အငြင်းပွားမှုတွင် အမေရိကန်ပြည်ထောင်စုသည် တိုက်ရိုက်ပါဝင်နေသည့် နိုင်ငံမဟုတ်သော်လည်း ယင်းအရေးကိစ္စွတွင် တစ်ချိန်လုံး ဝင်ရောက်စွက်ဖက်နေကြောင်း၊ တည်ငြိမ်မှုဆက်လက်ထိန်းသိမ်းရေးဟု အကြောင်းပြပြီး အမေရိကန်ပြည်ထောင်စုသည် ဒေသတွင်း ထိပ်တိုက်ဆုံမှုများ၊ တင်းမာမှုများရှိလာစေရန် လှုံ့ဆော်နေကြောင်း ဝါရှင်တန်ရှိ တရုတ်သံရုံးက ၎င်းတို့၏ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။
တောင်တရုတ်ပင်လယ်တွင်း ရေပိုင်နက်များကို တရုတ်က ၎င်းတို့ပိုင်အဖြစ် သတ်မှတ်ပြောဆိုမှုများအား တရားမဝင်သော ပြောဆိုမှုများအဖြစ် သတ်မှတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဇူလိုင် ၁၃ ရက်တွင် ပြောဆိုခဲ့သည်။ အမေရိကန်၏ပြောဆိုမှုနှင့်ပတ်သက်၍ အခြားအရှေ့တောင်အာရှအစိုးရများက တိုက်ရိုက်ညွှန်းဆိုခြင်းမပြုခဲ့ချေ။
အင်အားကြီးနှစ်နိုင်ငံသည် ယှဉ်ပြိုင်မှုပြုနေရင်း ဖိလစ်ပိုင်နိုင်ငံကို သိမ်သွင်းနိုင်ရန် ကြိုးပမ်းသင့်သော်လည်း ယခုအချိန်တွင် အရေးကြီးသည်မှာ တောင်တရုတ်ပင်လယ်တွင်း တင်းမာမှုများပိုမိုပြင်းထန်သွားခြင်းမရှိစေရန် လိုက်နာရမည့် လမ်းညွှန်ချက်များကို ရေးဆွဲချမှတ် အကောင်အထည်ဖော်ခြင်းသာဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ၏ပြောခွင့်ရှိသူ ဟာရီ ရိုကပြောဆိုခဲ့သည်။
တောင်တရုတ်ပင်လယ်တွင်း ရေပိုင်နက်အများစုမှာ ၎င်းတို့ပိုင်ဖြစ်ကြောင်း တရုတ်က ပြောဆိုထားမှုများ အခြေအမြစ်မရှိကြောင်း နိုင်ငံတကာတရားရုံးက ၂၀၁၆ ခုနှစ်တွင် ဆုံးဖြတ်ခဲ့မှုကို တရုတ်က လိုက်နာရန်လိုအပ်ကြောင်း အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်အစိုးရများက တောင်းဆိုထားပြီးဖြစ်သည်။
တောင်တရုတ်ပင်လယ်တွင်းရှိ ကျွန်းစုများ၊ သောင်ခုံများနှင့် ရေပြင်တို့ကို တရုတ်က တရားဝင်ပိုင်ဆိုင်သည်မှာ နှစ် ၁၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ကျောက်လီချန်းက ပြောဆိုခဲ့သည်။
တရုတ်သည် ရေကြောင်းအင်ပိုင်ယာတစ်ခုကို တည်ထောင်နေခြင်းမဟုတ်ကြောင်း ကျောက်လီချန်းက ဇူလိုင် ၁၄ ရက်တွင်ပြောဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည်သာ တောင်တရုတ်ပင်လယ်တွင်းသို့ စစ်ရေယာဉ်များစေလွှတ်ပြီး ဒေသတွင်းတည်ငြိမ်မှုပျက်အောင် ပြဿနာရှာနေခြင်းဖြစ်ကြောင်း ကျောက်က ဝေဖန်ပြောဆိုခဲ့သည်။

















