ရဲတပ်သားများ လက်ပစ်ဗုံးဆော့ကစားရာက ပေါက်ကွဲ၊ ၂ ဦးသေဆုံး တစ်ဦးထိခိုက်ဒဏ်ရာရ

ရဲတပ်သားများ လက်ပစ်ဗုံးဆော့ကစားရာက ပေါက်ကွဲ၊ ၂ ဦးသေဆုံး တစ်ဦးထိခိုက်ဒဏ်ရာရ

တီကျစ်(မြောက်ပိုင်း)ရှိ ဆံသဆိုင်၌ ရဲတပ်သားများ လက်ပစ်ဗုံးဆော့ကစားရာက ပေါက်ကွဲပြီး ၂ ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇူလိုင် ၁၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။

ဇူလိုင် ၁၅ ရက် ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်(မြောက်ပိုင်း)ရှိ “ဇော်”ဆံသဆိုင် တွင်ပေါက် ကွဲမှုတစ်ခုဖြစ်ပွားကြောင်း သတင်းအရ အောင်ပန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့သည်။

အဆိုပါ ဆိုင်အတွင်း ရဲတပ်သားကျော်ဇင်လတ်နှင့် ရဲတပ်သား ခွန်စိန်ထွဋ်မှာ ထိခိုက်ဒဏ်ရာ များရရှိကာ သေဆုံးနေပြီး  ဇော်ဝင်း၌ ဝမ်းဗိုက်ဝဲဘက် ယမ်းစထိမှန်ဒဏ်ရာ၊ ဝဲဘက်လက်ဖခုံး ယမ်းစဖောက်ဝင် ဒဏ်ရာများရရှိခဲ့သည်။

စုံစမ်းချက်အရ “ဇော်” ဆံသဆိုင်၌ ဆိုင်ပိုင်ရှင် မောင်ဇော်၊ အောင်ပန်းနယ်မြေရဲစခန်းမှ ရဲတပ်သား ကျော်ဇင်လတ်၊ ခွန်စိန်ထွဋ်၊ ဇော်ဝင်းတို့ လေးဦး ဘီယာအတူသောက်နေစဉ် ရဲတပ်သား ခွန်စိန်ထွဋ်က ၎င်းလွယ်ထားသော ပြောက်ကျားလွယ်အိတ်အတွင်းမှ အမျိုးအစား(စိစစ်ဆဲ) လက်ပစ်ဗုံးကို ထုတ်ယူ၍ ဆော့ကစားခဲ့ကြသည်။

ရဲတပ်သား ကျော်ဇင်လတ်နှင့် ဆံသဆိုင်ပိုင်ရှင် မောင်ဇော်တို့က လက်ပစ်ဗုံးကို ဆော့ကစားခြင်း မပြုလုပ်ရန် တားမြစ်ပြောဆိုခဲ့သော်လည်း ရဲတပ်သား ခွန်စိန်ထွဋ်မှ လက်ပစ်ဗုံးကလစ်ကို ဆွဲဖြုတ်သဖြင့် မောင်ဇော်၊ ဇော်ဝင်းနှင့် ရဲတပ်သားကျော်ဇင်လတ်တို့ ဆံသဆိုင်အပြင်သို့ ထွက်ပြေး စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ပန်းနယ်မြေရဲစခန်းက အမှုဖွင့်ပြီး ဆက်လက် စစ်ဆေးလျက်ရှိသည်။