ထိုင်ဝမ်ကြည်းရေလေတပ်များ ကျူးကျော်စစ် တန်ပြန်သည့် စစ်ရေးလေ့ကျင့်မှုပြုလုပ်

ထိုင်ဝမ်ကြည်းရေလေတပ်များ ကျူးကျော်စစ် တန်ပြန်သည့် စစ်ရေးလေ့ကျင့်မှုပြုလုပ်

ထိုင်ဝမ်ကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့သည် ကျူးကျော်သူများကို တန်ပြန်သည့် ပုံစံဖြင့် ဇူလိုင် ၁၆ ရက်တွင် ကျည်ဆန်အစစ်များသုံးသည့် စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်။

ထိုင်ဝမ်ကို ပြည်ပကျူးကျော်မှရန်မှ ကာကွယ်ရန် စိတ်ဆုံးဖြတ်ထားသည်ကို ယခုစစ်ရေးလေ့ကျင့်မှုက ပြသနေကြောင်း ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်က ပြောဆိုခဲ့သည်။ အက်ဖ်-၁၆ တိုက်လေယာဉ်များနှင့် ပြည်တွင်းဖြစ် ချင်-ကိုတိုက်လေယာဉ်များသည် ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြပြီး သံချပ်ကာယာဉ်များကလည်း ကမ်းခြေတစ်ဝိုက်တွင် ပစ်ခတ်လေ့ကျင့်မှုများကိုပြုလုပ်ခဲ့သည်။ ထိုင်ဝမ်အလယ်ပိုင်း ထိုင်ချွန်းနားရှိ ကမ်းမြောက်တစ်လျှောက်တွင် ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှု၌ စစ်သည် ၈၀၀၀ ခန့်ပါဝင်ခဲ့သည်။

ဟန်ကန်းဟု အမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုသည် လက်နက်ကိုင်တပ်ဖွဲ့များ၏တိုက်ခိုက်နိုင်စွမ်းကို သုံးသပ်သည့် အဓိကဖြစ်ရပ်တစ်ခုဖြစ်ပြီး ထိုင်ဝမ်သည် ကိုယ့်မြေကိုယ့်ရေကို ကာကွယ်သွားရန် ဆုံးဖြတ်ထားသည်ကို တစ်ကမ္ဘာလုံးသို့ထုတ်ပြလိုက်ခြင်းလည်းဖြစ်ကြောင်း သမ္မတဆိုင်က တပ်ဖွဲ့ဝင်များအားပြောဆိုခဲ့သည်။

အမျိုးသားလုံခြုံရေးသည် အင်အားကြီးနိုင်ငံများအား ဦးညွှတ်ခြင်းမဟုတ်ဘဲ ခိုင်မာသော အမျိုးသားကာကွယ်ရေးစနစ်အပေါ်သာ အခြေခံထားသည်ကို ယခင်ကလ်ညး ပြောဆိုခဲ့ပြီးဖြစ်ကာ စစ်သည်များနှင့် အရာရှိများသည် ယင်းကာကွယ်ရေး၏ဗဟိုချက်ဖြစ်ကြောင်း ဆိုင်က ဆက်လက်ပြောဆိုခဲ့သည်။

 

ရီလွင် ဘာသာပြန်သည်။