အိန္ဒိယအရှေ့ပိုင်း၌ မိုးသည်းရေကြီးမှုကြောင့် လူတစ်သန်းကျော် ခိုလှုံရေးစခန်းများ၌ နေထိုင်နေရ

အိန္ဒိယအရှေ့ပိုင်း၌ မိုးသည်းရေကြီးမှုကြောင့် လူတစ်သန်းကျော် ခိုလှုံရေးစခန်းများ၌ နေထိုင်နေရ

အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ ပြည်နယ်များ၌ မုတ်သုံမိုးရွာသွန်းကာ ရေကြီးရေလျှံမှုများကြောင့် လူတစ်သန်းကျော်ခန့် အရေးပေါ်ခိုလှုံရေးစခန်းများတွင် နေထိုင်နေရကြောင်း အစိုးရအရာရှိများက ဇူလိုင် ၁၆ ရက်တွင်ပြောဆိုခဲ့သည်။

အာသံ၊ ဘီဟာနှင့် ဂျာခန်းပြည်နယ်များ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံးကာ ၇၀ ကျော် ဒဏ်ရာရရှိခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာထောင်ပေါင်းများစွာတွင် ရေကြီးရေလျှံမှုများရှိခဲ့သည်။

COVID-19 ကူးစက်ရောဂါက နိုင်ငံတစ်ဝန်းပျံ့နှံ့နေချိန်တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူများလည်းရှိလာခဲ့ကြောင်း အာသံပြည်နယ်ကျန်းမာရေးဝန်ကြီး ဟဲမန့် ဘစ္စဝါ ဆာမားက ရိုက်တာသတင်းဌာနသို့ပြောဆိုခဲ့သည်။

အာသံပြည်နယ်ရှိ ကာဇီရန်ဂါအမျိုးသားဥယျာဉ်ရှိ နေရာအတော်များများတွင် ရေကြီးရေလျှံနေပြီး တောရိုင်းတိရစ္ဆာန် အကောင် ၅၀ ခန့် ရေနစ်သေဆုံးခဲ့ပြီးဖြစ်ကာ ကြံ့တချို့သည်လည်း ကျေးရွာများထဲသို့ ဝင်ရောက်နေသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ကိုင်မှုများ ထိခိုက်မှုရှိနေကြောင်း အစိုးရအရာရှိများကပြောဆိုခဲ့သည်။ ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင် ကာဇီရန်ဂါဥယျာဉ်၌ ကမ္ဘာတစ်ဝန်းရှိ ဦးချိုတစ်ချောင်းရှိ ကြံ့ကောင်ရေ၏သုံးပုံနှစ်ပုံ နေထိုင်ကျက်စားနေသည်။

 

ရီလွင် ဘာသာပြန်သည်။