ပါကစ္စတန်ရှိ လူနည်းစုဝင်များ ပစ်မှတ်ထား တိုက်ခိုက်ခံနေရ

ပါကစ္စတန်ရှိ လူနည်းစုဝင်များ ပစ်မှတ်ထား တိုက်ခိုက်ခံနေရ

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းက လူနည်းစုဝင်များ တန်းတူအခွင့်အရေးရရှိမည်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း မကြာသေးမီလများအတွင်း နိုင်ငံတွင်းရှိ ဘာသာရေးအရ လူနည်းစုဝင်များ ပစ်မှတ်ထားတိုက်ခိုက်ခံနေရကြောင်း မီဒီယာများကဖော်ပြခဲ့သည်။

နိုင်ငံအနောက်မြောက်ပိုင်း ပက်ရှ်ဝါရှိ မွတ်စလင်အများစုနေထိုင်သော ကျေးရွာတစ်ရွာ၌ ခရစ်ယာန်ဘာသာဝင်တစ်ဦး ပစ်သတ်ခံခဲ့ရသည်။ နိုင်ငံအရှေ့ပိုင်း ပန်ဂျတ်ပြည်နယ်ရှိ မွတ်စလင်ရပ်ကွက်တစ်ခုတွင် ခရစ်ယာန်တရားဟောဆရာ ဟာရွန်း ဆာဒစ် ချီဒါ၊ ၎င်း၏ဇနီးနှင့် အသက် ၁၂ နှစ်အရွယ် သားဖြစ်သူတို့ ရိုက်နှက်ခံရပြီး မယုံကြည်သူများအဖြစ် သတ်မှတ်ခံရကာ ကျေးရွာမှ နှင်ထုတ်ခံခဲ့ရပြီးဖြစ်သည်။

ဘာသာတရားအားလုံး တန်းတူဖြစ်ကြောင်း ပြောဆိုခဲ့သည့် အတိုက်အခံနိုင်ငံရေးသမားတစ်ဦးသည်လည်း ဘာသာတရားစော်ကားမှုဖြင့် ယခုအပတ်တွင် တရားစွဲဆိုခံခဲ့ရသည်။ အစ္စလာမ်အစွန်းရောက်အဖွဲ့အစည်းများ၏ကျောထောက်နောက်ခံရ နိုင်ငံရေးသမားတစ်ဦးသည်လည်း မြို့တော် အစ္စလာမာဘတ်၌ ဟိန္ဒူဘုရားကျောင်းတစ်ကျောင်းဆောက်လုပ်မှုကို တားမြစ်ပိတ်ပင်ခဲ့သည်။

ဝန်ကြီးချုပ်ခန်းက ပြတ်သားစွာဆောင်ရွက်ခြင်းမပြုသောကြောင့် ယခုကဲ့သို့ တိုက်ခိုက်မှုများရှိလာခြင်းဖြစ်ကြောင်း လှုပ်ရှားသူများကပြောဆိုခဲ့သည်။ ဘာသာရေးအရလူနည်းစုဝင်များသည်လည်း လူများစုဝင်မွတ်စလင်များနှင့် တန်းတူအခွင့်အရေးရရှိခဲ့သည့် သည်းခံမှုရှိသော ပါကစ္စတန်ဖြစ်စေရမည်ဖြစ်ကြောင်း ခန်းကပြောဆိုခဲ့သော်လည်း ၎င်းသည် အစွန်းရောက်ဘာသာရေးဆရာများကို လုပ်ပိုင်ခွင့်ပေးပြီး နိုင်ငံတော်ကိစ္စရပ်တချို့မှာပင် ဘာသာရေးဆရာများ၏အမြင်ကိုတောင်းခံခဲ့ကြောင်း လေ့လာသူဖြစ်သလို ဒေသတွင်းရှိ စစ်သွေးကြွဝါဒနှင့်ပတ်သက်၍ စာအုပ်နှစ်အုပ်ရေးသားခဲ့သည့် ဇာဟစ် ဟူစိန်ကပြောဆိုခဲ့သည်။

လူနည်းစုဝင်များအနေဖြင့် စိုးရိမ်စရာမရှိကြောင်း၊ ဘာသာတိုင်းတွင် အကြမ်းဖက်လိုသည့် ဘာသာရေးဆရာများရှိတတ်သော်လည်း ပါကစ္စတန်နိုင်ငံနှင့် ဝန်ကြီးချုပ်တို့သည် ဘာသာရေးဆရာများ၏ဖိအားပေးမှုကိုမခံရကြောင်း ဘာသာရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ အီမရန် ဆစ်ဒီကူကပြောဆိုခဲ့သည်။