အိန္ဒိယနိုင်ငံ၌ ဇူလိုင် ၁၆ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၂၆၉၅ ဦးရှိခဲ့သောကြောင့် ကူးစက်သူ တစ်သန်းနီးပါးရှိနေပြီဖြစ်သည်။
ကူးစက်သူသစ်ဦးရေတိုးလာသောကြောင့် နိုင်ငံအနောက်ပိုင်း ဂိုယာရှိ ကမ်းခြေအပန်းဖြေစခန်းများကို ပြန်လည်ပိတ်သိမ်းကာ ကူးသန်းသွားလာမှုပိတ်ပင်ချက်ပြန်လည်ချမှတ်ခဲ့ရသည်။ အိန္ဒိယ၌ ကူးစက်သူ ၉၆၈၈၇၆ ဦးရှိနေပြီဖြစ်သည်။ ဇူလိုင် ၁၆ ရက် ၂၄ နာရီအတွင်း COVID-19 ဖြင့်သေဆုံးသူသစ် ၆၀၆ ဦးရှိခဲ့သောကြောင့် သေဆုံးသူ ၂၄၉၁၅ ဦးရှိနေပြီဖြစ်သည်။
အိန္ဒိယရှိ ဆရာဝန် ၉၉ ဦး COVID-19 ဖြင့်သေဆုံးခဲ့ပြီး ၁၃၀၂ ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အိန္ဒိယဆရာဝန်အသင်းက ထုတ်ပြန်ခဲ့သည်။ လုံခြုံရေးအရ စိုးရိမ်စရာရှိသဖြင့် ကျန်းမာရေးဝန်ထမ်းများ၏အလုပ်ချိန်ကို လျှော့ချပေးရန် ဆရာဝန်အသင်းက တောင်းဆိုခဲ့သည်။
COVID-19 ကူးစက်ခံရသည့် ဆရာဝန်များအနက် သေဆုံးနှုန်းသည် ၇ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သဖြင့် တစ်နိုင်ငံအလုံးအတိုင်းအတာအားဖြင့်ရှိနေသည့် သေဆုံးနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းထက် ပိုမိုများပြားသည်။ မဟာရာသျှတ္တရ၊ တမီလ်နာဒူး၊ အနောက်ဘင်္ဂလားနှင့် အာသံပြည်နယ်တို့အပါအဝင် ပြည်နယ် ၁၂ ခုသည် ကူးစက်သူဦးရေများပြားနေသည့် ဒေသများတွင် လူဝင်လူထွက်ပိတ်ပင်ပြီး အစားအစာနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တို့ကိုသာ ထောက်ပံ့နေသည်။
ဇူလိုင် ၁၆ ရက်မှစ၍ သုံးရက်လူဝင်လူထွက်ပိတ်ပင်ပြီး ညမထွက်ရန်အမိန့်သက်ရောက်မည်ဖြစ်ကြောင်း ဂိုယာပြည်နယ်အကြီးအကဲ ပရာမော့ ဆာဝန့်ကပြောဆိုခဲ့သည်။ ပြည်နယ်သားများသည် ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာခြင်းမရှိကြောင်း ဆာဝန့်ကပြောဆိုခဲ့သည်။ ဂိုယာပြည်နယ်၌ လွန်ခဲ့သော ရက်သတ္တပတ်နှစ်ပတ်အတွင်း အများပြည်သူဆိုင်ရာနေရာများတွင် နှာခေါင်းစည်းမတပ်သဖြင့် လူ ၄၀၀၀၀ ခန့်ကို ရူပီး ၁၀၀ ( ၁ ဒသမ ၃ ဒေါ်လာ) စီ ဒဏ်ငွေရိုက်ခဲ့ပြီးဖြစ်သည်။
နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်၌လည်း ဇူလိုင် ၁၆ ရက်မှစ၍ ရက်သတ္တပတ်နှစ်ပတ်ကြာ လူဝင်လူထွက်ပိတ်ပင်ခဲ့သည်။ ဘီဟာပြည်နယ်၌ လူ ၁၂၈ သန်းနှင့် အားနည်းသော ကျန်းမာရေးစနစ်သာရှိနေသည်။ ဘီဟာပြည်နယ်၌ တစ်ရက်လျှင် ကူးစက်သူသစ် ၁၀၀၀ ကျော်ရှိနေသည်။
COVID-19 ကူးစက်ခံရသူများအနက် ပြန်လည်ကျန်းမာသူဦးရေသည် ၆၃ ဒသမ ၂၄ ရာခိုင်နှုန်းရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

















