ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့တွင် တရုတ်နိုင်ငံ၌ COVID-19 ကူးစက်ခံရသူသစ် ၁ ဦးသာ ရှိခဲ့ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ယင်းရောဂါပိုး တွေရှိသူမှာ ပြည်တွင်းမှ ကူးစက်ခံရသူမဟုတ်ဘဲ နိုင်ငံခြားခရီးသွားရာဇဝင် ရှိထားသူတစ်ဦးဖြစ်သည်ဟု လည်း သိရသည်။ ဇူလိုင်လ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံ၌ ရောဂါပိုးတွေ့ရှိသူ ၆ ဦးရှိခဲ့ပြီး ယင်းတို့မှာ လည်း ပြည်တွင်းကူးစက်မှု မဟုတ်ဘဲ နိုင်ငံခြားမှ ပြန်လာသူများ ဖြစ်သည်ဟုလည်း သိရသည်။
သို့ရာတွင် တရုတ်နိုင်ငံ၏ မြို့တော်ပေကျင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လုံးဝကင်းစင်နေသည်ဟုလည်း သိရသည်။ တရုတ်နိုင်ငံတွင် ဇူလိုင်လ ၁၆ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၈၃၆၂၁ ဦး ရှိထားပြီဖြစ်ကာ သေဆုံးခဲ့သူဦးရေမှာ ၄၆၃၄ ဦး ရှိခဲ့ပြီဖြစ်သည်။
ပြည်ပ၌ COVID-19 ကူးစက်ခံရပြီးနောက် တရုတ်နိုင်ငံသို့ရောက်ရှိလာသူများအနက် ၁၉ဝ၅ ဦးမှာ ရောဂါဝေဒနာ သက်သာကာ ဆေးရုံမှ ဆင်းခွင့်ရခဲ့ ပြီဖြစ်ကြောင်းလည်း သိရပြီး ၈၄ ဦးမှာမူ ဆေးကုသမှု ဆက်လက်ခံယူနေရဆဲ ဖြစ်သည်။ သို့သော် ၂ ဦးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေမျိုးရှိနေပြီး အထူးကြပ်မတ်ကုသနေရသည်ဟု တရုတ်ကျန်းမာရေးကော်မရှင်က သတင်းထုတ်ပြန်ထားသည်။
သို့သော် လက်ရှိအချိန်အထိ ပြည်ပခရီးပြန်လည်ဆိုက်ရောက်လာ သူများထဲမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူ တစ်ဦးမှ မရှိဟုလည်း သိရသည်။ ထို့အပြင် လက်ရှိတွင် တရုတ်ပြည်တွင်းနေထိုင်သူအချင်းချင်း ထိတွေ့ကာ COVID-19 ကူးစက်မှု လုံးဝမရှိကြောင်း လည်း တရုတ်ကျန်းမာရေးကော်မရှင်က သတင်းထုတ်ပြန်ထားသည်။
ဇူလိုင် ၁၆ ရက်တွင် တရုတ်ပြည်မကြီး၌ ကိုဗစ်ရောဂါ ပျောက်ကင်းပြီး ဆေးရုံမှ ဆင်းခွင့်ရသူပေါင်း ၂၆ ဦးရှိသည်ဟုလည်း သိရသည်။ ၂၉၅ ဦးမှာ ကုသမှု ဆက်လက်ခံယူနေရဆဲဖြစ်ကာ ၃ ဦးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိသည်ဟု သိရသည်။ ထို့ကြောင့်ဇူလိုင်လ ၁၅ ရက်နေ့အထိ ရောဂါပြန်လည်သက်သာကာ ဆေးရုံမှ ဆင်းခွင့်ရသူပေါင်း ၇၈၇၁၉ ဦး ရှိခဲ့ပြီဖြစ်သည်။

















