ဘင်္ဂလားဒေ့ရှ်၌ ပလတ်စတစ်အမှိုက်များကြောင့် ဒဏ်ရာရနေသည့် ပင်လယ်လိပ် အကောင် ၁၆ဝ ကို ကယ်တင်

ဘင်္ဂလားဒေ့ရှ်၌ ပလတ်စတစ်အမှိုက်များကြောင့် ဒဏ်ရာရနေသည့် ပင်လယ်လိပ် အကောင် ၁၆ဝ ကို ကယ်တင်

ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကြောင့် ဒဏ်ရာအနာတရမှုများ ရှိနေခဲ့သည့် ပင်လယ်လိပ် ၁၆ဝ ကောင် အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကမ္ဘာ့အရှည်ဆုံး ကမ်းခြေတစ်ခုတွင် ကယ်တင်မှုများ ပြုလုပ်ပေးခဲ့ရသည်ဟု သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဇူလိုင် ၁၅ ရက်တွင် ပြောဆိုခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၊ အရှေ့တောင်ဘက် ကော့ဘဇား ကမ်းခြေတစ်လျှောက်တွင် စွန့်ပစ်ပလတ်စတစ်ပစ္စည်းများ၊ ရေသန့်ဗူးခွံများ၊ ငါးဖမ်းပိုက်ကွန် များ၊ ဆွေးမြေ့နေသော ရေကြောင်းအမှတ်အသားပစ္စည်းများနှင့် အခြားသော ဖိုင်ဘာဆက်စပ်ပစ္စည်းများ သည် ကမ်းခြေတစ်လျှောက် ထုထည်ကြီးများစွာ တည်ရှိနေသည့်အတွက် ပင်လယ်လိပ်များနှင့် တွားသွား သတ္တဝါများကို ကြီးမားစွာ အန္တရာယ်ပေးလျက် ရှိနေသည်ဟု သိရသည်။

ထို့ကြောင့် ပင်လယ်လိပ်များ တွင် ကပ်ငြိနေသော ပလပ်စတစ်ပစ္စည်းများ၊ ငါးဖမ်းပိုက်ကွန်များနှင့် အညစ်အကြေးများကို ရှင်းလင်း ဖယ်ရှား သန့်စင်ခြင်းလုပ်ငန်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

သို့သော် သန့်စင်ကယ်တင်မှု လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ရန်အတွက် ဖမ်းဆီးခဲ့ရသော ပင်လယ်လိပ် များထဲမှ အကောင် ၃ဝ ခန့်မှာ သေဆုံးသွားခဲ့ရသည်ဟုလည်း အာဏာပိုင်များက သတင်းထုတ်ပြန်သည်။

''ဒါကတော့ ကျွန်တော်တို့ လုပ်ငန်းဆောင်ရွက်ခဲ့တဲ့ ကာလတွေထဲမှာ သေဆုံးမှုအရေအတွက် အ များဆုံး ဖြစ်ပါတယ်။ ဒဏ်ရာရနေတဲ့ လိပ်တွေကို ကမ်းခြေမှာ ဆေးကြောသန့်စင်ပေးတာပါ။ ဒါက မကြုံစဖူး အရေအတွက်ပဲ။ အခုလိုဆောင်ရွက်ပြီး ပင်လယ်ထဲကို ပြန်လွှတ်ပေးလိုက်တာတောင် တချို့လိပ်တွေ က ကမ်းခြေဘက်ကို ပြန်လာကြတယ်။ သူတို့ဟာ အရမ်းကို အားအင်ချိနဲ့နေကြတယ်လို့ ကျွန်တော်ထင် ပါတယ်'' ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး နာဇမူလ်ဟူဒါက ဆိုသည်။

ထို့အပြင် ယခုဆောင်ရွက်မှုတွင် ပလပ်စတစ် ပစ္စည်းများကြောင့် ခေါင်းများ၊ လက်များ မရှိတော့သည့် လိပ်များကို တွေ့ရှိခဲ့ရပြီး အချို့မှာ စွန့်ပစ်ပစ္စည်း များကြောင့် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာ ရရှိထားသည်ဟု ပရဟိတအကျိုးဆောင် တစ်ဦးဖြစ်သူ ဆာရမ်က ပြောဆိုသည်။

''တချို့ပင်လယ်လိပ်တွေဆိုရင် ခေါင်းလည်းမရှိသလို ခြေထောက် လည်းမရှိတော့ဘူး။ ၄ဝ ကီလိုဂရမ်လောက်ရှိတဲ့ လိပ်ကြီးတစ်ကောင်ကို ကျွန်တော်တို့ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်။ သူက ငါးဖမ်းပိုက်ကွန်မှာ ငြိနေတာပါ။ သူ့မှာ ခြေထောက်မရှိတော့ဘူး'' ဟု ဆာရမ်က ဆိုသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်၌ ပင်လယ်လိပ်များကို အကူအညီပေးရန်အတွက် ပရဟိ တအကျိုးဆောင် အဖွဲ့များက ကြိုးစားရုန်းကန်နေရမှုများရှိပြီး ယင်းကိစ္စများအတွက် ရေရှည်စီမံကိန်းတစ် ရပ် ချမှတ်ကာ ကြိုးစားဆောင်ရွက်သင့်သည်ဟု အဖွဲ့အစည်းများက တိုက်တွန်းထားသည်။ ပင်လယ်လိပ် များ ပြင်းထန်စွာ ဒဏ်ရာရနေရသည့် အကြောင်းအရင်းများကို သက်ဆိုင်ရာ အာဏာပိုင်များက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေပြီဖြစ်သည်။ ထို့အပြင် ပင်လယ်လိပ်များအနေဖြင့် ပလပ်စတစ်ပစ္စည်းများ စုဝေးလျက်ရှိသော ကမ်းခြေများကို မည်သည့်အတွက်ကြောင့် ရောက်လာရသည် ကိုလည်း အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်ဟု သိရသည်။