မွမ်ဘိုင်း၌ ခြောက်ထပ်တိုက်ပြိုကျမှုကြောင့် လူ ၆ ဦးခန့် သေဆုံး

မွမ်ဘိုင်း၌ ခြောက်ထပ်တိုက်ပြိုကျမှုကြောင့် လူ ၆ ဦးခန့် သေဆုံး

အိန္ဒိယနိုင်ငံရှိ စီးပွားရေးမြို့တော် မွမ်ဘိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အထပ်များစွာပါရှိသည့် အဆောက်အအုံတစ်လုံး ပြိုကျကာ လူ ၆ ဦးခန့်သေဆုံးခဲ့ကြောင်း အာဏာပိုင်များကပြောဆိုခဲ့သည်။ 

ယခုပြိုကျခဲ့သော အဆောက်အအုံသည် အက်ကြောင်းကွဲများဖြင့် သက်တမ်းရင့်နေပြီဖြစ်သော ၆ ထပ် အဆောက်အအုံဖြစ်ပြီး မိသားစု ၅ စု၊ ၆ စုခန့် နေထိုင်နေသည်ဟု သိရသည်။ ယင်းအဆောက်အအုံအား ပြုပြင်ရန် လိုအပ်နေပြီး နေထိုင်ရန်မသင့်ကြောင်း ပြောဆိုမှုများရှိခဲ့သည်ဟုလည်း အနီးပတ်ဝန်းကျင်မှ ပြည်သူများက ပြောဆိုသည်။

အဆောက်အအုံ ပြိုကျခဲ့မှုကြောင့် ဇူလိုင်လ ၁၆ ရက်နေ့ အနှောင်းပိုင်းတွင် လူနှစ်ဦး သေဆုံးသည်ဟု ကနဦးသတင်း ကြားသိရသော်လည်း ညတွင်ချင်းမှာပင် နောက်ထပ် ရုပ်အလောင်း ၄ လောင်းကို တွေ့ရှိရသည်ဟု အာဏာပိုင်များက ဆိုသည်။ လူများစွာသည်လည်း အပျက်အစီးများအောက်တွင် ပိတ်မိနေသေးကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကပြောဆိုခဲ့သည်။

မာလက်မြို့၏ အနောက်ဘက် ဆင်ခြေဖုံး ရပ်ကွက်တစ်ခုတွင်လည်း အဆောက်အအုံ ပြိုကျမှု ရှိခဲ့ပြီး နှစ်ယောက်ခန့် သေဆုံးခဲ့ရသည်။ မွမ်ဘိုင်းမြို့တွင် နှစ်စဉ်နှစ်တိုင်း မိုးများလေ့ရှိသဖြင့် ရေလွှမ်းမိုးမှု ဖြစ်ပေါ်တတ်ပြီး မိုးရေဝနေသည့် အဆောက်အအုံငယ်များများနှင့် အဆောက်အအုံကြီးများအတွက် အန္တရာယ်ရှိနေခဲ့သည်။