ဖိလစ်ပိုင်သို့ သြဂုတ်မှစ၍ နိုင်ငံခြားသားတချို့ ဝင်ရောက်ခွင့်ရမည် 

ဖိလစ်ပိုင်သို့ သြဂုတ်မှစ၍ နိုင်ငံခြားသားတချို့ ဝင်ရောက်ခွင့်ရမည် 

ဖိလစ်ပိုင်နိုင်ငံသည် ကာလရှည် ဗီဇာကိုင်ဆောင်ထားသည့် နိုင်ငံခြားသားအချို့ကို သြဂုတ် ၁ ရက်မှစတင်ကာ ပြည်ဝင်ခွင့်ပေးမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရိုဒရီဂို ဒူတာတေး၏ပြောခွင့်ရှိသူက ဇူလိုင် ၁၇ ရက်တွင် ပြောဆိုခဲ့သည်။

သို့သော် လက်ရှိဗီဇာကိုင်ဆောင်ထားသည့် နိုင်ငံခြားသားများသည် ဖိလစ်ပိုင်သို့ရောက်ရှိပြီးနောက် သီးခြားစောင့်ကြည့်မှုဆိုင်ရာ စည်းမျဉ်းများနှင့်အညီ နေထိုင်ရမည်ဟု သမ္မတ ဒူတာတေး၏ ပြောရေးဆိုခွင့်ရှိသူ ဟာရီရိုက ပြောဆိုသည်။ ထို့အပြင် ယခုခွင့်ပြုပေးမည့် နိုင်ငံခြားသားများသည် ဖိလစ်ပိုင်နိုင်ငံအတွင်း၌ သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြရသူများဖြစ်သည်ဟုလည်း ဟာရီရိုက ပြောဆိုခဲ့သည်။

ထို့အပြင် ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ ပြည်ဝင်ခွင့်ဗီဇာသစ် လျှောက်ထားခြင်းကိုမူ ခွင့်ပြုပေးမည် မဟုတ်ကြောင်းနှင့် မိခင်နိုင်ငံသို့ ပြန်လာကြမည့် ဖိလစ်ပိုင်နိုင်ငံသားများအတွက်သာ ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဖိလစ်ပိုင်နိုင်ငံ COVID-19 ရောဂါဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။

ဖိလစ်ပိုင်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဗြူရိုသည် နိုင်ငံခြားသားဧည့်သည်များ ပြည်ဝင်ခွင့်ကို မတ်လကတည်းက ပိတ်ပင်ထားပြီး ယခုတွင် ပထမဆုံးအဖြစ် ပြန်လည် လက်ခံပေးတော့မည် ဖြစ်သည်။ ဖိလစ်ပိုင်၌ COVID-19 ကူးစက်သူ ၆၁၂၂၆ ဦး ရှိထားပြီး သေဆုံးသူ ၁၆၄၃ ဦးရှိနေသည်။