မြောက်ကိုရီးယား ခေါင်းဆောင်၏နှမကို တောင်ကိုရီးယား ဥပဒေအရာရှိများ အမှုဖွင့်

မြောက်ကိုရီးယား ခေါင်းဆောင်၏နှမကို တောင်ကိုရီးယား ဥပဒေအရာရှိများ အမှုဖွင့်

လွန်ခဲ့သောလတွင် ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးကို ဖျက်ဆီးခဲ့မှုဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏နှမ ကင်ယိုဂျုံကို တောင်ကိုရီးယား ဥပဒေအရာရှိများက အမှုဖွင့်လိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရအရာရှိများက ဇူလိုင် ၁၆ ရက်တွင် ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားအစိုးရသည် မကြာသေးမီလများအတွင်း တောင်ကိုရီးယားသမ္မတမွန်းဂျေအင်အား တိုက်ရိုက်စော်ကားခြင်းအပါအဝင် ရန်လိုသည့် စကားများကိုပြောဆိုနေခဲ့ရာ တောင်ကိုရီးယားဥပဒေအရာရှိများ၏ ယခုလုပ်ရပ်ကြောင့် ပိုမိုမကျေမနပ်ဖြစ်လာမည်ဖြစ်သည်။

ဆိုးလ်မြို့အခြေစိုက် ရှေ့နေတစ်ဦးက ကင်ယိုဂျုံကို တရားစွဲလိုကြောင်း လျှောက်ထားမှုကို ဆိုးလ်ဗဟိုခရိုင်ဥပဒေအရာရှိများက လက်ခံခဲ့ရရှိကြောင်း ခရိုင်ဥပဒေအရာရှိရုံး၏ပြောခွင့်ရှိသူကပြောဆိုခဲ့သည်။ မြောက်ကိုရီးယားဘက်ခြမ်းရှိ နှစ်နိုင်ငံနယ်စပ်ရှိ ဆက်ဆံရေးရုံးသည် အသုံးမဝင်သော နေရာတစ်ခုဖြစ်သောကြောင့် မကြာမီတွင် လုံးဝပြိုလဲပျက်စီးရမည်ဖြစ်ကြောင်း ကင်ယိုဂျုံက ပြောဆိုပြီး ရက်ပိုင်းအတွင်း ယင်းအဆောက်အအုံ ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

တောင်ကိုရီးယား၌ ခိုလှုံနေသည့် မြောက်ကိုရီးယားပြည်ပြေးများက မိခင်နိုင်ငံဘက်သို့ ဝါဒဖြန့်စာရွက်စာတမ်းများနှင့် အစားအစာများ ပေးပို့နေမှုနှင့်ပတ်သက်၍ မြောက်ကိုရီးယားသည် တောင်ကိုရီးယားအစိုးရအား ဝေဖန်ပြောဆိုခဲ့ပြီးဖြစ်သည်။ မြောက်ကိုရီးယား ပြည်ပြေးများ၏လုပ်ရပ်ကို တားဆီးခြင်းမပြုပါက တောင်ကိုရီးယားအား စစ်ရေးအရ အရေးယူမည်ဖြစ်ကြောင်း ကင်ယိုဂျုံက ပြောဆိုခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးရုံးသည် မြောက်ကိုရီးယားဘက်ခြမ်းတွင်ရှိသော်လည်း ယင်းကို တောင်ကိုရီးယားအစိုးရရန်ပုံငွေများကိုသုံးကာ ပြန်လည်ပြုပြင်ခဲ့ခြင်းဖြစ်သောကြောင့် တောင်ကိုရီးယားပိုင်သာဖြစ်ကြောင်း ရှေ့နေ လီကျွန်ဂျေးက ဥပဒေအရာရှိရုံးသို့ပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထို့ပြင် ရှေ့နေလီသည် မြောက်ကိုရီးယားစစ်ဦးစီးချုပ် ပါ့ဂျုံချွန်ကိုလည်း တရားစွဲဆိုလိုကြောင်း ပြောဆိုခဲ့သည်။ မြောက်ကိုရီးယားပြစ်မှုဆိုင်ရာဥပဒေများအရ အဆောက်အအုံများကို ပေါက်ကွဲစေတတ်သော ပစ္စည်းသုံးက ဖျက်ဆီးခြင်းနှင့် ငြိမ်းချမ်းရေးပျက်ပြားစေခြင်းတို့သည် သေဒဏ်သို့မဟုတ် အနိမ့်ဆုံးထောင်ဒဏ် ခုနစ်နှစ်ချမှတ်လို့ရသည့် ပြစ်မှုများဖြစ်ကြသည်။

ဆိုးလ်မြို့ရှိ ဥပဒေအရာရှိများသည် ကင်ယိုဂျုံနှင့် ပါ့ခ်တို့ကို အရေးယူနိုင်ခြင်းမရှိသော်လည်း မြောက်ကိုရီးယားခေါင်းဆောင်များ ကြောင်သူတော်ဆန်ခြင်းကို လူသိစေချင်ခြင်းသာဖြစ်ကြောင်း ရှေ့နေလီက ပြောဆိုခဲ့သည်ဟု ယွန်ဟတ်သတင်းဌာနကဖော်ပြခဲ့သည်။