အိန္ဒိယနိုင်ငံတွင် COVID-19 ကူးစက်သူ ၁ သန်းကျော်သွားခဲ့ပြီဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယ လူဦးရေအများဆုံး နိုင်ငံဖြစ်သည့်အတွက် COVID-19 ရှိမရှိစစ်ဆေးမှုများနှင့်ပတ်သက်၍ ရုန်းကန်နေရသည်ဟုလည်း သိရသည်။
လက်ရှိတွင် ကမ္ဘာပေါ်၌ COVID-19 ကူးစက်သူအများဆုံးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ဒုတိယနေရာတွင် ဘရာဇီးနိုင်ငံက ရပ်တည်လျက်ရှိနေသည်။ အိန္ဒိယတွင် လက်ရှိ၌ COVID-19 ကူးစက်သူ ၁ဝဝ၅၇၆ဝ ဦး ရှိနေပြီး သေဆုံးသူ ၂၅၆၁၉ ဦး ရှိနေပြီဖြစ် သည်။ အိန္ဒိယ၌ တစ်ရက်လျှင် လူ ၆ဝဝ ခန့် သေဆုံးနေရကာ မကြာသေးမီရက်သတ္တပတ်များအတွင်း ဖြေလျှော့ခဲ့သည့် ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ပြန်လည်ချမှတ်နေရသည်။
အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသည် COVID-19 ကူးစက်မှုနှုန်းတွင် လျင်မြန်စွာ တိုးတက်လာနေကြသည်ဟု ကမ္ဘာ့ကြက်ခြေနီအဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများက ပြောဆိုထားသည်။ ''အမေရိကန်၊ တောင်အမေရိကတို့နဲ့ ပတ်သက်ပြီး တစ်ကမ္ဘာ လုံးအာရုံစိုက်နေရချိန်မှာ တောင်အာရှကတော့ မြန်မြန်ဆန်ဆန်နဲ့ တိုးပွားလာနေတယ်။
ကမ္ဘာလူဦးရေလေးပုံတစ်ပုံရှိတဲ့ တောင်အာရှမှာ COVID-19 ကူးစက်မှုနှုန်းက သတိချပ်စရာပါပဲ'' ဟု အဖွဲ့အစည်းများက ထုတ်ဖော်ပြောဆိုထားသည်။ ဂိုယာပြည်နယ်ဝန်ကြီးချုပ် ပရာမော့ ဆာဝန့်က ပြည်သူများအနေဖြင့် ဘာသာရေးပွဲတော်များ၊ လူစုလူဝေးများနှင့် အခမ်းအနားများ မပြုလုပ်ကြရန်နှင့် COVID-19 ၏အတိမ်အနက်ကို သတိထားရမည်ဖြစ်သည်ဟု ပြောဆိုထားပြီး ဖြစ်သည်။
အိန္ဒိယရှိ အဆင်းရဲဆုံးပြည်နယ်များတွင်ပါဝင်ပြီး လူ ၁၂၅ သန်းနေထိုင်နေသည့် ဘီဟာပြည်နယ်၌ ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ချမှတ်ပြီးနောက် မကြာမီတွင် နိုင်ငံခြားသားခရီးသွားများလာရောက်တတ်သည့် ဂိုယာပြည်နယ်၌လည်း ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ချမှတ်ခဲ့ရသည်။ နည်းပညာကုမ္ပဏီများရှိနေသည့် ဘန်ဂလော၌လည်း ယခုအပတ်အစောပိုင်းတွင် ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ချမှတ်ခဲ့ပြီးဖြစ်သည်။

















