တရုတ်နိုင်ငံတောင်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူ ၁၄၁ ဦးခန့်သေဆုံးပြီး ၂ ဒသမ ၂ သန်းကျော် အရေးပေါ်နေရာရွှေ့ပြောင်းခဲ့ရကြောင်း နိုင်ငံပိုင် CHTN သတင်းဌာနက ဇူလိုင် ၁၇ ရက်တွင်ဖော်ပြခဲ့သည်။
တရုတ်အာဏာပိုင်များသည် ယန်စီမြစ်ရေကြီးမှုသတိပေးချက်ကို ဇူလိုင် ၁၇ ရက်တွင် ထပ်မံထုတ်ပြန်ခဲ့ရသည်။ ယန်စီမြစ်ရေ ဆက်တိုးရန်သာရှိနေကြောင်း ရေအရင်းအမြစ်ဝန်ကြီး အဲ ကျင့်ဖျင်ကပြောဆိုခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
ယန်စီမြစ်နှင့် မြစ်လက်တက်များတွင် မြစ်ရေသည် အန္တရာယ်ရှိသည့် အဆင့်ကိုရောက်ရှိနေသည်မှာ ၁၂ ရက်ရှိပြီဖြစ်ကြောင်း ဝန်ကြီး ကျင့်ဖျင်ကပြောဆိုခဲ့သည်။ Three Gorges ရေလှောင်ကန်ရှိ ရေပမာဏသည် စိုးရိမ်ရေမှတ်ကိုရောက်ရှိနေပြီဖြစ်ကြောင်း ချန်ချင်းမြစ်ရေအရင်းအမြစ်ကော်မရှင်က ပြောဆိုခဲ့သည်။ ရေလှောင်ကန်ရှိ ရေပမာဏသည် စိုးရိမ်ရေမှတ်ထက် ၁၀ မီတာကျော်နေပြီဖြစ်သည်။
ယန်စီမြစ်ဝှမ်းဒေသရှိ ရေချိုကန်ကြီးများဖြစ်သော ဟူနန်ပြည်နယ်ရှိ တုံတင်းကန်ကြီး၊ ချန်းရှီပြည်နယ်ရှိ ပိုယန်းကန်ကြီးတို့၌ ရေကြီးရေလျှံမှုသတိပေးချက်ကို လိမ္မော်ရောင်အထိ တိုးမြှင့်ထားသည်။
ချန်းဆုနှင့် ဟူပေးတို့ရှိ မြစ်ကမ်းများတွင် သဲအိတ်များချနေသည့် စစ်သည်များ၏ဓာတ်ပုံများကို CCTV သတင်းဌာနကဖော်ပြခဲ့သည်။ COVID-19 ကူးစက်မှုဗဟိုချက်ဖြစ်ခဲ့ပြီး ယန်စီမြစ်ကမ်းတွင်ရှိသည့် ဝူဟန်မြို့ရှိ အုပ်ချုပ်ရေးအဖွဲ့သည်လည်း ရေဘေးအန္တရာယ်သတိပေးချက်ကို ထုတ်ပြန်ထားသည်။

















