COVID-19 ကူးစက်သူသစ် တိုးမလာစေရေးအတွက် လာမည့် အီးဒ်ပွဲတော်ကို ရိုးရှင်းစွာကျင်းပရန် ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းက နိုင်ငံသားများအား ဇူလိုင် ၁၇ ရက်တွင် တိုက်တွန်းပြောဆိုခဲ့သည်။
ရာမာဒန်ဥပုသ်လအကုန်တွင် ပြုလုပ်ခဲ့သည့် ဘာသာရေးပွဲတော်၌ လူများသည် ဗလီများနှင့် ဈေးများသို့ စုပြုံသွားရောက်ခဲ့သောကြောင့် COVID-19 ကူးစက်သူ တိုးသထက် တိုးလာခဲ့သည်။
ယင်းကဲ့သို့ကျန်းမာရေးစည်းမျဉ်းများ မလိုက်နာမှုကြောင့် ပါကစ္စတန်နိုင်ငံတစ်ဝန်း ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ချက်ချင်းချမှတ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ယင်းအချိန်က တောင်းဆိုခဲ့ရသည်။
“လွန်ခဲ့တဲ့ ပွဲတော်မှာတုန်းက ကျန်းမာရေးဆိုင်ရာစည်းမျဉ်းတွေကို မလိုက်နာခဲ့တာမို့ ဆေးရုံတွေမှာ လူနာတွေပြည့်ခဲ့ပါတယ်။ ဒါကြောင့် အခုလာမယ့် ပွဲတော်ကို ရိုးရိုးရှင်းရှင်းကျင်းပဖို့လိုအပ်ပါမယ်” ဟု ခန်းက တွစ်တာလူမှုမီဒီယာ၌ ရေးသားခဲ့သည်။
တင်းကျပ်သော ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များ၊ စည်းမျဉ်းများကို ချမှတ်ရန်လည်း ဒေသဆိုင်ရာအာဏာပိုင်များကို ညွှန်ကြားထားပြီးဖြစ်ကြောင်း ခန်းကပြောဆိုခဲ့သည်။
ယခုလအကုန်တွင် အီးဒ်ပွဲတော်စတင်မည်ဖြစ်ပြီး ရက်အနည်းငယ်ကြာမြင့်မည်ဖြစ်သည်။သိုး၊ ဆိတ်နှင့် အခြားတိရစ္ဆာန်များကို ဝယ်ယူရန်အတွက် လူများသည် ဈေးများသို့ အစုလိုက်အပြုံလိုက်သွားရောက်ရာမှ ကူးစက်သူဦးရေတိုးလာမည်ကို အာဏာပိုင်များက စိုးရိမ်နေသည်။
အီးဒ်ပွဲတော်အချိန်အခါတွင် မြို့ပြနေ ရွှေ့ပြောင်းများသည် ကျေးလက်ရှိ မိသားစုများထံသို့လည်း ပြန်လေ့ရှိသည်။ ပါကစ္စတန်နိုင်ငံ၌ COVID-19 ကူးစက်သူ ၂၆၀၀၀၀ ခန့်နှင့် သေဆုံးသူ ၅၄၇၀ ကျော်ရှိနေသည်။
မကြာသေးမီရက်များအတွင်း ပါကစ္စတန်၌ COVID-19 ကူးစက်သူဦးရေကျဆင်းလာခဲ့သည်။ COVID-19 ရှိမရှိ စစ်ဆေးမှုလျော့ကျသွားခြင်းကြောင့် ကူးစက်သူဦးရေနည်းသွားရခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုခဲ့သည်။
သို့သော် ကူးစက်မှုအစုလိုက်အပြုံလိုက်ရှိသည့် နေရာများတွင် လူဝင်လူထွက်ပိတ်ပင်နိုင်မှုကြောင့် ကူးစက်သူကျဆင်းရခြင်းဖြစ်ကာ အပြုသဘောဆောင်သော အရွေ့ဖြစ်ကြောင်း ခန်းကပြောဆိုခဲ့သည်။
ပါကစ္စတန်၌ COVID-19 ကူးစက်သူအနည်းငယ်ရှိခဲ့ပြီးနောက် ခန်းသည် နိုင်ငံလုံးဆိုင်ရာ ကူးသန်းသွားလာမှုပိတ်ပင်ချက်ကို မချမှတ်ဘဲ ဒေသဆိုင်ရာအစိုးရများအား ပိတ်ပင်ချက်ချမှတ်သင့်မသင့်ကို ဆုံးဖြတ်ချက်ချရန် တာဝန်ပေးခဲ့မှုကြောင့် ဝေဖန်ခံခဲ့ရပြီးဖြစ်သည်။

















