တရုတ်၌ ဇူလိုင် ၁၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၂ ဦးရှိခဲ့

တရုတ်၌ ဇူလိုင် ၁၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၂ ဦးရှိခဲ့

တရုတ်နိုင်ငံ၌ ဇူလိုင် ၁၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၂ ဦးရှိခဲ့ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ၌ ဇူလိုင် ၁၆ ရက်တွင် ကူးစက်သူသစ် ၁၆ ဦးရှိခဲ့သည်။ ဇူလိုင် ၁၇ ရက်တွင်ရှိခဲ့သည့် ကူးစက်သူသစ်များအနက် ၁၆ ဦးသည် နိုင်ငံအနောက်ဖျားပိုင်း ရှင်ကျန်းမှဖြစ်ပြီး ကျန်ခြောက်ဦးသည် ပြည်ပတွင် ကူးစက်ခံရပြီးနောက် တရုတ်သို့ရောက်ရှိလာသူများဖြစ်ကြကြောင်း ကျန်းမာရေးကော်မရှင်က ပြောဆိုခဲ့သည်။

တရုတ်၌ ဇူလိုင် ၁၇ ရက်တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမပြသူ ၁၄ ဦးကို စစ်ဆေးတွေ့ရှိခဲ့သည်။ဇူလိုင် ၁၆ ရက်တွင် အလားတူငါးဦးကို တွေ့ရှိခဲ့သည်။ ဇူလိုင် ၁၇ ရက်အထိ တရုတ်နိုင်ငံ၌ COVID-19 ကူးစက်သူ ၈၃၆၄၄ ဦးနှင့် သေဆုံးသူ ၄၆၃၄ ဦးရှိနေသည်။

တရုတ်နိုင်ငံသို့သွားရောက်ပြီး ကိုရိုနာဗိုင်းရပ်စ်၏အရင်းအမြစ်ကို လေ့လာရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)သည် နိုင်ငံမှ ကျွမ်းကျင်သူများပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းနေပြီဖြစ်သည်။

သို့သော် သြဂုတ်လအစောပိုင်းလောက်မှသာ ယင်းအဖွဲ့ ဖွဲ့စည်းမှုပြီးစီးမည်ဖြစ်ကြောင်း WHO ၏အရေးပေါ်အစီအစဉ်ဆိုင်ရာအကြီးအကဲ မိုက်ခ်ရိုင်ယန်က ဇူလိုင် ၁၇ ရက်တွင် ပြောဆိုခဲ့သည်။

နိုင်ငံတကာမှ ကျွမ်းကျင်သူများပါဝင်သည့် အဖွဲ့အတွက် ကြိုတင်ပြင်ဆင်ရန်အတွက် ကျွမ်းကျင်သူနှစ်ဦးပါဝင်သည့် ရှေ့ပြေးအဖွဲ့သည် တရုတ်နိုင်ငံသို့ရောက်ရှိနေသည်မှာ တစ်ပတ်ရှိခဲ့ပြီဖြစ်သည်။

ယခုအချိန်အထိ တရုတ်အစိုးရအရာရှိများ၏ပူးပေါင်းဆောင်ရွက်မှုများအတွက် WHO က များစွာကျေနပ်မိပြီး အဖွဲ့ကြီးတစ်ခုကို စေလွှတ်ရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း ရိုင်ယန်က ပြောဆိုခဲ့သည်။