အင်ဒိုနီးရှား၌ တောမီးအန္တရာယ်သတိပေးချက်ထုတ်ပြန်ရန် လိုအပ်မည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ဝန်ကြီး ပြော

အင်ဒိုနီးရှား၌ တောမီးအန္တရာယ်သတိပေးချက်ထုတ်ပြန်ရန် လိုအပ်မည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ဝန်ကြီး ပြော

အင်ဒိုနီးရှားနိုင်ငံ၌ နိုဝင်ဘာအထိ တောမီးအန္တရာယ်သတိပေးချက်ကို ထုတ်ပြန်ထားရန်လိုအပ်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားသဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာဝန်ကြီး ဆီတိ နူဘာယာ ဘေကာက ဇူလိုင် ၁၇ ရက်တွင် ပြောဆိုခဲ့သည်။

အင်ဒိုနီးရှား၌ သြဂုတ်နှင့် စက်တင်ဘာတွင် ပူနွေးသော ရာသီစတင်မည်ဖြစ်ကြောင်း ဘေကာက မိုးလေဝသ၊ ရာသီဥတုဗေဒနှင့် ဘူမိရူပဗေဒဌာန(BMKG) တို့က ထုြတ်ပန်သည့် စာရင်းအင်းများကို ကိုးကား၍ ဖော်ပြခဲ့သည်။

လွန်ခဲ့သောနှစ်များတွင် ပူနွေးသောရာသီသည် ဇူလိုင်နှင့် သြဂုတ်ခန့်တွင် စတင်ခဲ့သည်။ အောက်တိုဘာတွင် မိုးရာသီစတင်လေ့ရှိသည်။ ယင်းကြောင့် အောက်တိုဘာနှင့် နိုဝင်ဘာအထိ သတိမချပ်စောင့်ကြည့်ရန်လိုအပ်နေကြောင်း ဝန်ကြီးဘေကာက ပြောဆိုခဲ့သည်။

ယခုနှစ်တွင် မိုးရွာသွန်းမှုရှိသည့် ပူနွေးသော ရာသီရှိမည်ဖြစ်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။ယခုနှစ် ဇန်နဝါရီ ၁ မှ ဇူလိုင် ၁၅ ရက်ကြားတွင် အင်ဒိုနီးရှား၌ မီးလောင်ပြင် ၉၁၉ ခုရှိခဲ့ပြီး ယမန်နှစ် တူညီသော ကာလအတွင်း မီးလောင်ပြင် ၁၆၅၅ ခုရှိခဲ့သည်။

COVID-19 တိုက်ဖျက်ရေးလုပ်ဆောင်နေသော်လည်း တောမီးအခြေအနေကို ပေါ့လျော့စွာကိုင်တွယ်ရန်မဖြစ်နိုင်ကြောင်း ဘေကာက ပြောဆိုခဲ့သည်။

COVID-19 နှင့် တောမီးက တစ်ပြိုင်နက်ဖြစ်နေသောကြောင့် အလွန်အမင်းပူပန်မိကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။ ယခုနှစ်တွင် တောမီးလောင်ကျွမ်းမှုများစွာမရှိစေရန်အတွက် မိုးတိမ်တုဖန်တီးခြင်းအပါအဝင် ရာသီဥတုပြုပြင်ပြောင်းလဲမည့်စနစ်များကိုလည်း ကျင့်သုံးရန် ဝန်ကြီးဌာနက စီစဉ်နေသည်။

ထို့ပြင် တောမီးနှင့် တောခုတ်မီးရှို့ခြင်းတို့နှင့်ပတ်သက်၍ ဒေသခံများအား ပညာပေးရန်အတွက် ကျေးရွာအကြီးအကဲများ၊ ဒေသဆိုင်ရာအာဏာပိုင်များ၊ ဒေသဆိုင်ရာ သဘာဝဘေးအန္တရာယ်တားဆီးရေးအဖွဲ့များနှင့် လက်တွဲဆောင်ရွက်နေကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မီးရှို့ပြီး တောရှင်းသည့်နေရာတွင် စက်ပစ္စည်းများသုံးကာ တောရှင်းသည့် နည်းလမ်းကိုပြောင်းလဲကျင့်သုံးရေးအတွက်လည်း စီစဉ်နေကြောင်း ဝန်ကြီးဘေကာက ပြောဆိုခဲ့သည်။ယမန်နှစ်တွင် တောမီးကြောင့် သစ်တောဟက်တာ ၁ ဒသမ ၆ သန်း မီးလောင်ကျွမ်းခံခဲ့ရသည်။