သြစတြေးလျနိုင်ငံရှိ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မဲလ်ဘုန်း၌ အများပြည်သူဆိုင်ရာနေရာများ၌ နှာခေါင်းစည်းမတပ်မနေရတပ်ရမည်ဖြစ်ကြောင်း အာဏာပိုင်များက ဇူလိုင် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မဲလ်ဘုန်းမြို့တည်ရှိသည့် ဗစ်တိုးရီးယားပြည်နယ်၌ COVID-19 ကူးစက်သူ ၃၀၀၀ နီးပါးရှိနေပြီဖြစ်သည်။၁၀ ရက်ကြာ ကူးသန်းသွားလာမှုပိတ်ပင်ထားသော်လည်း ဇူလိုင် ၁၉ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၆၃ ဦးရှိခဲ့သည်။
မဲလ်ဘုန်းမြို့နှင့် ပတ်ဝန်းကျင်ရှိ မီရှဲရှိုင်းတို့တွင် နေထိုင်သူ လူငါးသန်းကျော်သည် အများပြည်သူဆိုင်ရာနေရာများ၌ ဇူလိုင် ၂၁ ရက်သန်းခေါင်ချိန်မှစ၍ ဇူလိုင် ၂၃ ရက်အထိ နှာခေါင်းစည်းမတပ်မနေရတပ်ရမည်ဖြစ်ကြောင်း ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီးချုပ် ဒယ်နီယယ် အန်ဒရူးစ်ကပြောဆိုခဲ့သည်။
တံခါးသော့မပါဘဲ အိမ်အပြင်မထွက်သလိုမျိုး၊ မိုဘိုင်းဖုန်းမပါဘဲ အပြင်မထွက်သလိုမျိုး၊ နှာခေါင်းစည်းမတပ်ဘဲ အပြင်မထွက်တဲ့ အကျင့်ကိုမွေးယူရပါမယ်၊ ကူးစက်ရောဂါတိုက်ဖျက်ရေးမှာ နှာခေါင်းစည်းတပ်တာဟာ မဖြစ်မနေကိုအရေးပါပါတယ်ဟု ဒယ်နီယယ် အန်ဒရူးစ်က ပြောဆိုခဲ့သည်။
နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်ပါက သြစတြေးလျဒေါ်လာ ၂၀၀ ( အမေရိကန်ဒေါ်လာ ၁၄၀) ဒဏ်ငွေရိုက်ခံရမည်ဖြစ်သည်။ နှာခေါင်းစည်းမတပ်ဘဲ ပဝါစည်းလျှင်လည်း လက်ခံပေးနိုင်ကြောင်း အန်ဒရူးစ်က ပြောဆိုခဲ့သည်။
မဲလ်ဘုန်းသည် သြစတြေးလျ၌ နှာခေါင်းစည်းမတပ်မနေရစည်းမျဉ်းကို ပထမဆုံးထုတ်ပြန်ခဲ့သည့် မြို့လည်းဖြစ်သည်။
COVID-19 အတွက် ကာကွယ်ဆေးမရှိသေးသောကြောင့် နှာခေါင်းစည်းသည် ကူးစက်မှုကို လျှော့ချရန် အရိုးရှင်းဆုံးနည်းလမ်းဖြစ်ကြောင်း ဗစ်တိုးရီးယားဝန်ကြီးချုပ် ကပြောဆိုခဲ့သည်။သြစတြေးလျ၌ COVID-19 ကူးစက်သူ ၁၂၀၀၀ ခန့်နှင့် သေဆုံးသူ ၁၂၂ ဦးရှိနေသည်။

















