အီရန်နိုင်ငံသား ၂၅ သန်းခန့် COVID-19 ကူးစက်ခံထားရကြောင်း အီရန်သမ္မတဟာဆင် ရိုဟာနီက ဇူလိုင် ၁၈ ရက်တွင် ရုပ်သံမှတစ်ဆင့် ပြောဆိုခဲ့သည်။
အီရန်၌ COVID-19 ကူးစက်သူ ၂၇၁၆၀၆ ဦးရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားမှုနှင့် ရိုဟာနီ၏ပြောဆိုမှုတို့ကြား များစွာကွာဟနေသည်။
အီရန်စုစုပေါင်းလူဦးရေ သန်း ၈၀ ၏ ၃၀ ရာခိုုင်နှုန်း ကူးစက်ခံထားရကြောင်း ရိုဟာနီက ပြောဆိုခဲ့သည်။ကျန်းမာရေးဝန်ကြီးဌာန၏သုတေသနအစီရင်ခံစာပါ အဆိုးဆုံးဖြစ်နိုင်ခြေအပေါ် အခြေခံကာ ကူးစက်သူဦးရေကို ခန့်မှန်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
အီရန်နိုင်ငံသား ၂၅ သန်းလောက် ကူးစက်ခံထားရပြီး ၁၄၀၀၀ ခန့် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ခန့်မှန်းပါတယ် ဟု ရိုဟာနီက ပြောဆိုခဲ့သည်။လူ သန်း ၃၀ မှ ၅၀ ခန့်လည်း အန္တရာယ်ရှိနေကြောင်း ရိုဟာနီက ဆက်လက်ပြောဆိုခဲ့သည်။
မည်သည့်အန္တရာယ်ရှိနေသည်ကိုမူ ရိုဟာနီက ရှင်းလင်းပြောဆိုခြင်းမပြုခဲ့ချေ။ လူ ၂၀၀၀၀၀ ကျော်သည် ဆေးရုံ၌ ကုသမှုခံယူနေရပြီး လာမည့်လများအတွင်း နောက်ထပ်လူ ၂၀၀၀၀၀ ခန့်သည် ဆေးရုံတင်ကုသမှုခံယူရန် လိုအပ်လာမည်ဖြစ်ကြောင်း ရိုဟာနီက ပြောဆိုခဲ့သည်။
ရိုဟာနီပြောဆိုခဲ့သည့် လူ ၂၅ သန်းသည် ဆေးရုံတင်ကုသမှုခံယူရန်မလိုအပ်သေးသည့် ရောဂါနုသေးသူများသာဖြစ်ကြောင်း သမ္မတရုံးက ရှင်းလင်းပြောဆိုခဲ့သည်။
ဇူလိုင် ၁၈ ရက်၌ COVID-19 ဖြင့်သေဆုံးသူသစ် ၁၈၈ ဦးရှိခဲ့သောကြောင့် သေဆုံးသူ ၁၃၉၇၉ ဦးရှိနေပြီဖြစ်ကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အာဏာပိုင်များသည် မြို့တော် တီဟီရန်၌ ဇူလိုင် ၁၈ ရက်မှစ၍ တစ်ပတ်တိတိ ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ပြန်လည်ချမှတ်ပြီး ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအခမ်းအနားများကျင်းပခွင့်ကို ပိတ်ပင်ခဲ့သည်။

















