ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်၌ ဇူလိုင် ၁၈ ရက်တွင် လူငယ်အများစုပါဝင်ပြီး အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားသူထောင်ပေါင်းများစွာသည် ချီတက်ဆန္ဒပြပြီး အစိုးရအဖွဲ့ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြသူများသည် ဘန်ကောက်ရှိ ဒီမိုကရေစီအထိမ်းအမှတ်နေရာတွင် စုဝေးကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ထိုင်းစီးပွားရေးကျဆင်းနေမှုကြောင့် မကျေမနပ်ဖြစ်နေသည့် ဆန္ဒပြသူများသည် သက်ကြီးရွယ်အို ဗိုလ်ချုပ်ဟောင်းများနှင့် ဘုရင်စနစ်ကိုထောက်ခံသူများသာပါဝင်သည့် အစိုးရအဖွဲ့ကို ဝေဖန်ပြောဆိုခဲ့သည်။
ကျောင်းသားများပါဝင်သည့် ဆန္ဒပြသူများသည် ရတ်သီချင်းများကိုသီဆိုပြီး ဝန်ကြီးချုပ်ပရာယွတ် ချန်အိုချာဦးဆောင်သော အစိုးရကို ပြစ်တင်ပြောဆိုခဲ့ကာ နာမည်ဆိုးဖြင့်ကျော်ကြားသော တော်ဝင်မိသားစုကို အသရေဖျက်မှုမှ ကာကွယ်ပေးသည့် ဥပဒေကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့သည်။
အစိုးရက ပြည်သူတွေကို အလေးထားတာမဟုတ်ဘူး၊ ဒါကြောင့် ဆန္ဒပြရင်ပြ မပြရင် အကုန်လုံး ဆုံးရှုံးတော့မယ် ဟု ဆန်ဟု အမည်ရသည့် အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးက ပြောဆိုခဲ့သည်။
ဆန္ဒပြသူများသည် ပုဒ်မ ၁၁၂ ကို ဖျက်သိမ်းပေးဟုရေးသားထားသည့် ကတ်ပြားများကို ကိုင်ဆောင်ထားသည်။ ထိုင်းရှိ ပြစ်မှုဆိုင်ရာဥပဒေပါ တော်ဝင်မိသားစုအသရေဖျက်မှုဆိုင်ရာဥပဒေကို ရည်ညွှန်းခြင်းဖြစ်သည်။
ဘာမှ ဆုံးရှုံးစရာမရှိတော့တာမို့ အပြင်ထွက်ပြိး ဆန္ဒပြတာပါ ဟု အနက်ရောင်ဝတ်စုံဝတ်ထားသည့် မီး ဆိုသူ ဆန္ဒပြသူတစ်ဦးက ပြောဆိုခဲ့သည်။
ဇူလိုုင် ၁၈ ရက် အနှောင်းပိုင်းတွင် ဆန္ဒပြသူများသည် ဖုန်းများရှိ မီးများကို ဖွင့်ကာ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့သည်။ ဟောပြောသူများကလည်း အစိုးရ၏လုပ်ဆောင်မှုများကို ဝေဖန်ပြောဆိုခဲ့ကြသည်။
ဆန္ဒထုတ်ဖော်မှုသည် သန်းခေါင်ယံအချိန်တွင် ပြီးဆုံးခဲ့သော်လည်း စီစဉ်သူများကမူ တောင်းဆိုမှုကို ဖြည့်ဆည်းပေးခြင်းမရှိပါက လာမည့်နှစ်ပတ်အတွင်း ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်ဦးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထိုင်း၌ စည်းမျဉ်းခံဘုရင်စနစ်စတင်စေခဲ့သည့် ၁၉၃၂ တော်လှန်ရေးအထိမ်းအမှတ်အဖြစ် တည်ဆောက်ထားရှိသည့် ဒီမိုကရေစီအထိမ်းအမှတ်နေရာကို ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားမှုကြောင့် ဆန္ဒပြသူများနှင့် ထိပ်တိုက်ဆုံမှုရှိခဲ့သည်။

















