အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်ပတ်သက်၍ အမေရိကန်ကွန်ဂရက်သို့ ဖိလစ်ပိုင် ရှင်းလင်းတင်ပြ

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်ပတ်သက်၍ အမေရိကန်ကွန်ဂရက်သို့ ဖိလစ်ပိုင် ရှင်းလင်းတင်ပြ

ဖိလစ်ပိုင်အစိုးရက အတည်ပြုလိုက်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေသည် ဇူလိုင် ၁၈ ရက်တွင် စတင်သက်ရောက်ခဲ့သော်လည်း နိုင်ငံရေးလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးတို့ကို လေးစားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ကွန်ဂရက်သို့ ဇူလိုင် ၁၈ ရက်တွင် ပြောဆိုခဲ့သည်။

ဖိလစ်ပိုင်သမ္မတရိုဒရီဂို ဒူတာတေးသည် တင်းကျပ်သော အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကြမ်းကို ယခုလအစောပိုင်းတွင် လက်မှတ်ရေးထိုးခဲ့သည်။

အတိုက်အခံများကို ဖိနှိပ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အားနည်းသွားစေရန် အဆိုပါဥပဒေကြမ်းကို အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း အတိုက်အခံများနှင့် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ပြောဆိုခဲ့သည်။

ဖိလစ်ပိုင်သည် နိုင်ငံသားနှင့် နိုင်ငံရေးလွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်ရုံသာမက လူ့အခွင့်အရေးကိုပါလေးစားခဲ့ပြီး ဆက်လက်လည်း စောင့်ရှောက်ကာ အလေးထားသွားမည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုရှိ ဖိလစ်ပိုင်သံရုံးက အမေရိကန်လွှတ်တော်အမတ် ၅၀ နှင့် မီဒီယာများသို့ ဇူလိုင် ၁၈ ရက်တွင် ပေးပို့ခဲ့သည့် စာတွင်ဖော်ပြထားသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင်လည်း လူ့အခွင့်အရေးဆိုသည်မှာ ကာလဒေသမရွေးလေးစားလိုက်နာရမည့် အမှန်တရားဖြစ်ကြောင်း ဖော်ပြထားသည်ဟု ပေးစာတွင်ဖော်ပြထားသည်။

ကွန်မြူနစ်သူပုန်များအပါအဝင် အကြမ်းဖက်သမားများကို ပစ်မှတ်ထားခြင်းဖြစ်သောကြောင့် ဥပဒေလိုက်နာသော နိုင်ငံသားများ စိုးရိမ်စရာမရှိကြောင်း ဒူတာတေးက ခုခံပြောဆိုခဲ့သည်။

ဥပဒေအရ သမ္မတသည် ကောင်စီတစ်ခုကို ဖွဲ့စည်းရမည်ဖြစ်ပြီး ယင်းကောင်စီသည် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ကာ တရားစွဲဆိုမှုမရှိဘဲ ၂၄ ရက်အထိ ဖမ်းဆီးချုပ်နှောင်ထားခွင့်ရှိနေသည်။

ထို့ပြင် ဖုန်းနှင့် အွန်လိုင်းစောင့်ကြည့်ထောက်လှမ်းခြင်းတို့ကိုခွင့်ပြုထားပြီး အကြမ်းဖက်မှုကျူးလွန်သည်ဟု ထင်ရှားပါက ခံဝန်ဖြင့် လွတ်မြောက်ခြင်းမပါဝင်သည့် ထောင်ဒဏ်တစ်သက်အထိ ချမှတ်ခွင့်ရှိနေသည်။

အစိုးရအတိုက်အခံများနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား ယင်းဥပဒေဖြင့် အပြစ်ပေးနိုင်သောကြောင့် ဥပဒေနှင့်ပတ်သက်၍ သုံးသပ်ပေးရန် ရှေ့နေများက တရားလွှတ်တော်ချုပ်သို့ လျှောက်ထားထားသည်။