တရုတ်နိုင်ငံ၌ ဇူလိုင် ၁၈ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၆ ဦးရှိခဲ့ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က ဇူလိုင် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်၌ ဇူလိုင် ၁၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၂ ဦးရှိခဲ့သည်။ဇူလိုင် ၁၈ ရက်တွင် ရှိခဲ့သည့် ကူးစက်သူသစ်များအနက် တရုတ်အနောက်ဖျားပိုင်း ရှင်ကျန်းရှိ အူရမ်ချီမြို့နေ ၁၃ ဦးပါဝင်သည်။
အခြားလူသုံးဦးသည် နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်နှင့် အရှေ့ပိုင်း ရှန်တုံပြည်နယ်တို့မှဖြစ်ကာ ပြည်ပတွင် ကူးစက်ခံရပြီးနောက် တရုတ်သို့ရောက်ရှိလာသူများဖြစ်ကြကြောင်း တရုတ်ကျန်းမာရေးကော်မရှင်နှင့် ရှင်ကျန်းကျန်းမာရေးကော်မရှင်တို့ကပြောဆိုခဲ့သည်။
ရှန်တုံရှိ COVID-19 ကူးစက်သူသည် နိုင်ငံပိုင်ရေနံကုမ္ပဏီ တရုတ်ရေနံနှင့် ဓာတုကော်ပိုရေးရှင်း သို့မဟုတ် Sinopec မှ ဝန်ထမ်းဖြစ်ပြီး ကူဝိတ်၌ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ရှန်တုံရှိ ချင်တောက်စည်ပင်သာယာကျန်းမာရေးကော်မရှင်ကပြောဆိုခဲ့သည်။
ကူဝိတ်မှ တရုတ်သို့ ဇူလိုင် ၁၇ ရက်တွင် ရောက်ရှိခဲ့သည့် အခြား Sinopec ဝန်ထမ်းရှစ်ဦးသည်လည်း ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမပြသူများဖြစ်ကြောင်း ချင်တောက်ကျန်းမာရေးကော်မရှင်က ပြောဆိုခဲ့သည်။
တရုတ်အစိုးရသည် COVID-19 ကူးစက်သူစာရင်းတွင် ရောဂါလက္ခဏာမပြသူများကို ထည့်သွင်းဖော်ပြခြင်းမပြုချေ။ တရုတ်နိုင်ငံ၌ ဇူလိုင် ၁၈ ရက်တွင် ရောဂါကူးစက်ခံထားရသော်လည်း လက္ခဏာမပြသူ ၄၂ ဦးကို စစ်ဆေးတွေ့ရှိခဲ့သည်။
အူရမ်ချီ၌ ဇူလိုင် ၁၈ ရက်တွင် စစ်တွင်းကာလကဲ့သို့ တပ်လှန့်ထားပြီး ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ချမှတ်ခဲ့သည်။ ဇူလိုင် ၁၈ ရက်အထိ တရုတ်နိုင်ငံ၌ COVID-19 ကူးစက်သူ ၈၃၆၆၀ နှင့် သေဆုံးသူ ၄၆၃၄ ဦးရှိနေသည်။

















