အသက် ၁၀ နှစ်အောက် ကလေးများသည် လူကြီးများလောက် COVID-19 ကူးစက်ခံရနိုင်ခြေနှင့် ၎င်းတို့ဆီမှ တစ်ဆင့် အခြားလူများထံသို့ ဆက်လက်ကူးစက်နိုင်ခြေနည်းပါးသော်လည်း အသက် ၁၀ နှစ်နှင့် အထက် ကလေးများမှာမူ လူကြီးများကဲ့သို့ပင် ကူးစက်ခံရနိုင်ခြေနှင့် ဆက်လက်ကူးစက်စေနိုင်ခြေ များလှကြောင်း တောင်ကိုရီးယား၌ ပြုလုပ်ခဲ့သည့် လေ့လာမှုတွင် ဖော်ပြထားသည်။
စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ပါက အစုလိုက်အပြုံလိုက်ကူးစက်နိုင်ကြောင်း ကျန်းမာရေးကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
ကလေးတွေက လူကြီးတွေလောက် ကူးစက်ခံရနိုင်ခြေမရှိဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမဲ့ အခုလေ့လာမှုအရ ကလေးတွေလည်း ကူးစက်နိုင်ခြေ၊ အခြားလူတွေကို ဆက်ပြီး ကူးစက်စေနိုင်ခြေရှိတာကိုသိခဲ့ရတာမို့ အစီအစဉ်တွေ ချမှတ်ထားဖို့လိုအပ်ပါမယ်ဟု မင်နီဆိုးတားတက္ကသိုလ်မှ ကူးစက်ရောဂါကျွမ်းကျင်သူ မိုက်ကယ် အိုစတာဟုမ်းက ပြောဆိုခဲ့သည်။
စာသင်ကျောင်းများပိတ်ထားသည့် ဇူလိုုင် ၂၀ မှ မတ် ၂၇ ရက်အတွင်း မိသားစုများတွင် ပထမဆုံး COVID-19 ကူးစက်မှုလက္ခဏာပြသူ ၅၇၀၆ ဦးကို တောင်ကိုရီးယားသုတေသနပညာရှင်များက ခြေရာခံရှာဖွေခဲ့သည်။
ယင်းနောက်တွင် အဆိုပါကူးစက်ခံရသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူ ၅၉၀၇၃ ဦးကို ဆက်လက်ခြေရာခံခဲ့သည်။ လူနာတစ်ဦးစီ၏ နေအိမ်ရှိ ထိတွေ့သူများကို လက္ခဏာပြသည်ဖြစ်စေ မပြသည်ဖြစ်စေ COVID-19 ရှိမရှိစစ်ဆေးမှုများပြုလုပ်ခဲ့သည်။
ထူးခြားသည့်အချက်မှာ နေအိမ်တစ်အိမ်တွင် ပထမဆုံး လက္ခဏာပြသူသည် ယင်းနေအိမ်၌ ပထမဆုံးကူးစက်ခံထားရသူမဟုတ်ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကလေးများသည် လူကြီးများနှင့် နှိုင်းယှဉ်လျှင် ရောဂါလက္ခဏာပြနိုင်ခြေနည်းပါးသောကြောင့် နေအိမ်တစ်အိမ်အတွင်း ကလေးများမှတစ်ဆင့် ဆက်လက်ကူးစက်နိုင်ခြေရှိမှုကို သတိမထားမိဘဲရှိတတ်သည်။
အသက် ၁၀ နှစ်အောက်ကလေးများသည် လူကြီးများလောက် ကူးစက်ခံရနိုင်ခြေ၊ ဆက်လက်ကူးစက်နိုင်ခြေနည်းပါးကြောင်း ယခုလေ့လာမှုက သက်သေခံနေသည်။
ကလေးများသည် ပုံမှန်အားဖြင့် ရှူထုတ်သည့်လေနည်းပါးသောကြောင့် ဗိုင်းရပ်စ်များပါဝင်သော လေထွက်ရှိမှုနည်းပါးကာ ၎င်းတို့သည် မြေပြင်နှင့်နီးစွာ ရှူထုတ်တတ်သောကြောင့်လည်း လူကြီးများသို့ ဆက်လက်ကူးစက်နိုင်ခြေနည်းသွားခြင်းဖြစ်ကြောင်း ယခုလေ့လာမှုတွင် ဖော်ပြထားသည်။
သို့သော် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ကလေးများကြား အစုလိုက်အပြုံလိုက်ကူးစက်နိုင်ခြေရှိလာနိုင်ကြောင်း လေ့လာမှုတွင် သတိပေးထားသည်။
အသက် ၁၀ နှစ်နှင့်အထက် ကလေးများသည် လူကြီးများနှင့်မတူဘဲ အသက် ၁၀ နှစ်အောက်ကလေးများကဲ့သို့ ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာနိုင်ခြေနည်းပါးနေသောကြောင့် အစုလိုက်အပြုံလိုက်ကူးစက်နိုင်ခြေရှိမှုကို သတိထားရန်လိုအပ်ကြောင်း အော်စတာဟုမ်းက ပြောဆိုခဲ့သည်။

















