အာရပ်စော်ဘွားများနိုင်ငံ(UAE) သည် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး အာကာသယာဉ်ကို ဇူလိုင် ၂၀ ရက် အစောပိုင်းတွင် လွှတ်တင်ခဲ့သည်။
Hope Probe သို့မဟုတ် အာရဘီဘာသာဖြင့် အယ်လ် အမယ် ဟုအမည်ရသည့် အင်္ဂါဂြိုဟ်လေ့လာရေး အာကာသာယာဉ်ကိုတင်ဆောင်ထားသည့် ဒုံးပျံသည် ဂျပန်နိုင်ငံရှိ တာနဲဂါရှီမာအာကာသစခန်းမှ UAE စံတော်ချိန် နံနက် ၁ နာရီ ၅၈ မိနစ်တွင် ထွက်ခွာခဲ့သည်။
ဂြိုဟ်နီကြီးဟု သိကြသည့် အင်္ဂါဂြိုဟ်သို့ရောက်ရှိရန် ခုနစ်လကြာမြင့်မည်ဖြစ်ပြီး လူသားလိုက်ပါခြင်းမရှိသည့် အာကာသယာဉ်သည် အင်္ဂါဂြိုဟ်ပတ်လမ်းတွင်သာ လည်ပတ်ပြီး ဂြိုဟ်ပတ်ဝန်းကျင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပြန်လည်ပေးပို့မည်ဖြစ်သည်။
အာရပ်ကမ္ဘာ၏ ပထမဆုံးအင်္ဂါဂြိုဟ်လေ့လာရေးယာဉ်ကို ဇူလိုင် ၁၄ ရက်တွင် လွှတ်တင်ရန်စီစဉ်ခဲ့သော်လည်း ရာသီဥတုဆိုးရွားမှုကြောင့် နှစ်ကြိမ်တိုင်တိုင်ရွှေ့ဆိုင်းခဲ့ရသည်။ ဂြိုဟ်တုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် အင်္ဂါဂြိုဟ်ပတ်လမ်းသို့ရောက်ရှိမည်ဟု မျှော်လင့်ရသည်။
ဒုံးပျံထွက်ခွာပြီး တစ်နာရီခန့်အကြာတွင် ယာဉ်သည် ဒုံးကျည်မှ ခွဲထွက်မည်ဟု ခန့်မှန်းရသည်။ ယင်းအချိန်မှသာ တကယ်တမ်းရင်ခုန်စရာစတင်မည်ဖြစ်ကြောင်း UAE ၏ အင်္ဂါဂြိုဟ်စီမံကိန်းဒုတိယမန်နေဂျာ ဆာရာ အယ်လ်-အမီရိကပြောဆိုခဲ့သည်။ အမျိုးသမီးတစ်ဦးဖြစ်သည့် ဆာရာ အယ်လ်-အမီရိသည် အဆင့်မြင့်သိပ္ပံဆိုင်ရာဝန်ကြီးလည်းဖြစ်သည်။
ယခုအင်္ဂါဂြိုဟ်စီမံကိန်းအတွက် ဒေါ်လာ သန်း ၂၀၀ ကုန်ကျခဲ့ကြောင်း အမီရိကပြောဆိုခဲ့သည်။ ဂြိုဟ်တုထုတ်လုပ်နိုင်ရေးအတွက် UAE အစိုးရနှင့် ဒူဘိုင်းရှိ မိုဟာမက် ဘင် ရာရှစ်အာကာသစခန်း(MBRSC) သည် အမေရိကန်ပညာရေးအဖွဲ့အစည်းများနှင့်လက်တွဲခဲ့ရသည်။ MBRSC သည် အာကာသယာဉ်၏ ကီလိုမီတာ ၄၉၄ သန်း ခရီးကို စောင့်ကြည့်နေမည်ဖြစ်သည်။

















