ထိုင်းနိုင်ငံ၌ အသည်းတွင် ကပ်ပါးပိုးဝင်သောကြာင့်ဖြစ်ရသည့် ကင်ဆာကြောင့် တစ်နှစ်လျှင် လူ ၁၄၀၀၀ ခန့် သေဆုံးနေကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောဆိုခဲ့သည်။
အသည်းတွင် ကပ်ပါးပိုးဝင်သော ရောဂါသည် သည်းခြေပြွန်များတွင် ဖြစ်တတ်သော နာတာရှည်ရောဂါတစ်မျိုးဖြစ်သည်။ ကပ်ပါးပိုးများ တွယ်ငြိနေသည့် အစာများ၊ ရေများကို စားသောက်မိခြင်းနှင့် မကျက်သေးသော ငါးများ၊ အသားများကို စားမိရမှဖြစ်တတ်သော ရောဂါဖြစ်သည်။ ရေချိုတွင် စိုက်ပျိုးသော အပင်များကို စားမိရမှ အဓိကူးစက်ခံရခြင်းဖြစ်သည်။ ကန်စွန်းရွက်၊ ဆလပ်ရွက်၊ နံနံပင်၊ ပူစီနံစသည့် ရေချိုတွင် စိုက်ပျိုးသည့် အပင်များကို စားမိရာမှ အဓိကကူးစက်ခံရလေ့ရှိသည်။
အသည်းရှိ ကပ်ပါးပိုးကောင်များသည် အသည်းနှင့် သည်းခြေအိတ်ကို ဆက်ထားသော သည်းခြေပြွန်များထဲတွင် အနှစ် ၂၀ မှ ၃၀ အထိ ခိုအောင်းပြီး နေနိုင်ကြသည်။ လူများ၏စွန့်ပစ်ပစ္စည်းများကို ငါးများက စားမိပြီး ရေချိုငါးများကို လူများက မချက်ပြုတ်ဘဲ အရက်ဖြင့် တို့စားပါကလည်း ကူးစက်မှုသံသရာစက်ဝန်းလည်သွားပြီး အခြေအနေပိုဆိုးနိုင်သည်။
နှစ်စဉ်နှစ်တိုင်း ထိုင်းနိုင်ငံရှိ လူခြောက်သန်းခန့် ရောဂါကူးစက်ခံရပြီး အများစုသည် နိုင်ငံအရှေ့မြောက်ပိုင်းမှ ကျေးရွာသားများဖြစ်ကြသည်။ နိုင်ငံအရှေ့မြောက်ပိုင်းရှိ ခွန်ခန်ခရိုင်၌ သည်းခြေပြွန်ကင်ဆာဖြစ်ပွားသူများကို ကုသပေးသည့် အထူးအဆောင်တစ်ဆောင်ကိုပင် ထားရှိထားသည်။
ခွန်ခန်တက္ကသိုလ်ဝင်းတွင်းရှိ ဆရီနာဂါရင်ဆေးရုံ၌ ယင်းအဆောင်ရှိနေသည်။ အဆောင်မှာ နာမည်ကျော်ကြားလွန်းသောကြောင့် လာအိုနိုင်ငံမှ လူနာများပင် နယ်စပ်ဖြတ်ကျော်ကာ ကုသမှုလာရောက်ခံယူတတ်ကြသည်။ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းသည် ကမ္ဘာပေါ်တွင် သည်းခြေပြွန်ကင်ဆာအဖြစ်အများဆုံးဒေသဖြစ်ပြီး လူ ၁၀၀၀၀၀ လျှင် ၈၅ ဦးဖြစ်ပွားနေကြောင်း ဥရောပကွန်ရက်၏လေ့လာမှုတွင်ဖော်ပြထားသည်။
ရောဂါသည် တိတ်တဆိတ်လူသတ်သမားဖြစ်ပြီး ဖြစ်ပွားရန် နှစ် ၃၀ ခန့်အချိန်ယူလေ့ရှိကြောင်း ဆေးရုံမှ အကြီးအကဲတစ်ဦးဖြစ်သည့် နာရွန် ခွန်တီကိုကပြောဆိုခဲ့သည်။

















