ပြုံယမ်းအထွေထွေဆေးရုံကြီး ဆောက်လုပ်မှု လျာထားချက်မပြည့်မီသဖြင့် အရေးယူရန် ညွှန်ကြား

ပြုံယမ်းအထွေထွေဆေးရုံကြီး ဆောက်လုပ်မှု လျာထားချက်မပြည့်မီသဖြင့် အရေးယူရန် ညွှန်ကြား

မြောက်ကိုရီးယားမြို့တော် ပြုံယမ်း၌ အထွေထွေဆေးရုံကြီးဆောက်လုပ်ရာတွင် တာဝန်ပျက်ကွက်မှုများရှိခဲ့သောကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တာဝန်ရှိသူများအား ပြစ်တင်ပြောဆိုပြီး အရေးယူမှုများပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဇူလိုင် ၂၀ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားအစိုးရသည် ပြည်သူများ၏ယုံကြည်အားကိုးမှုများပိုမိုရှိလာရေးအတွက် ရုပ်တုကြီးများ တည်ဆောက်ခြင်း၊ ပြုံယမ်း၌ အိမ်ရာများဆောက်လုပ်ခြင်း၊ ဝန်ဆာ-ကယ်မာခရီးသွားလာရေးလုပ်ငန်းကို ဆက်လက်ဖော်ဆောင်ခြင်းတို့ကိုပြုလုပ်ခဲ့သည်။ သို့သော် စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် အရည်အသွေးထက် အချိန်တိုတွင်းပြီးစီးရေးကိုသာ အာရုံစိုက်ခဲ့ကြောင်း ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။

အစိုးရ၏နောက်ဆုံးစီမံကိန်းတစ်ခုမှာ တဲဒုံမြစ်နား၌ ပြုံယမ်းအထွေထွေဆေးရုံကြီးကိုဆောက်လုပ်ရေးဖြစ်သည်။ ဆေးရုံနားရှိ မန်ဆုတောင်ကုန်းပေါ်တွင် မြောက်ကိုရီးယားတည်ထောင်သူ ကင်အီဆွန်း၊ သားဖြစ်သူနှင့် ခေါင်းဆောင်ဟောင်း ကင်ဂျုံအီတို့၏ရုပ်တုကြီးများရှိနေသည်။

မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီတည်ထောင်မှု ၇၅ ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဆေးရုံကြီးတည်ဆောက်မှုကို အောက်တိုဘာ ၁၀ ရက်တွင် ပြီးစီးရန် လျာထားခဲ့သည်။ အများပြည်သူကျန်းမာရေးအတွက် အရေးပါသော တာဝန်ဖြစ်ကြောင်း ကင်က မတ်တွင်ပြုလုပ်ခဲ့သည့် ပန္နက်ရိုက်အခမ်းအနားတွင် ပြောဆိုခဲ့သည်။

သို့သော် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကင်သွားရောက်ပြီးနောက် ပြဿနာကြီးများကို မြင်တွေ့ခဲ့ရကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ ဆေးရုံကြီးပြီးစီးရေး တာဝန်ယူထားရသည့် ကော်မရှင်သည် အသုံးစရိတ်များကို ကောင်းမွန်စွာကိုင်တွယ်ဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း ကင်က ပြောဆိုခဲ့သည်။

ပြည်သူများအကျိုးအတွက် ရည်ရွယ်သည့် စီမံကိန်းသည် ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ရပြီးဖြစ်ကြောင်း ကင်ကပြောဆိုခဲ့သည်။ အကြောင်းအရင်းပြည့်ပြည့်စုံစုံကို သတင်းဌာနကဖော်ပြခြင်းမပြုခဲ့ချေ။ အလုပ်သမားပါတီ ဗဟိုကော်မတီအနေဖြင့် စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူများကို အစားထိုးခန့်ထားရန် ကင်က ညွှန်ကြားခဲ့သည်။

နယ်စပ်များပိတ်ဆို့ထားသောကြောင့် ဆောက်လုပ်ရေးပစ္စည်းများရရှိရန် ခက်ခဲခဲ့သဖြင့် ဆေးရုံကြီးပြီးစီးမှု ကြန့်ကြာခဲ့ရခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများကပြောဆိုခဲ့သည်။