တရုတ်နိုင်ငံ၌ ဇူလိုင် ၁၉ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၂ ဦးရှိခဲ့ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က ဇူလိုင် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်၌ ဇူလိုင် ၁၈ ရက်တွင် ကူးစက်သူသစ် ၁၆ ဦးရှိခဲ့သည်။ ဇူလိုင် ၁၉ ရက်တွင် ရှိခဲ့သည့် ကူးစက်သူသစ်များအနက် ၁၇ ဦးသည် နိုင်ငံအနောက်ဖျားရှိ ရှင်ကျန်းဒေသမှဖြစ်ပြီး ကျန်ငါးဦးသည် ပြည်ပတွင် ကူးစက်ခံရပြီးနောက် တရုတ်သို့ရောက်ရှိလာသူများဖြစ်ကြသည်။
တရုတ်၌ ဇူလိုင် ၁၉ ရက်တွင် ရောဂါကူးစက်ခံထားရသော်လည်း လက္ခဏာမပြသူသစ် ၁၃ ဦးရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ဇူလိုင် ၁၈ ရက်တွင် အလားတူလူနာ ၄၂ ဦးရှိခဲ့သည်။ ဇူလိုင် ၁၉ ရက်အထိ တရုတ်၌ COVID-19 အတည်ပြုလူနာ ၈၃၆၈၂ ဦးရှိခဲ့ကြောင်း ကျန်းမာရေးကော်မရှင်ကထုတ်ပြန်ခဲ့သည်။ COVID-19 ဖြင့်သေဆုံးသူဦးရေသည် ၄၆၃၄ ဦးမှ တိုးလာခြင်းမရှိသေးချေ။
တရုတ်နိုင်ငံရှိ ခြောက်လကြာပိတ်ပင်ထားသည့် ရုပ်ရှင်ရုံများကို ဇူလိုင် ၂၀ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိခဲ့သည်။ ကူးစက်သူဦးရေ နည်းလွန်းသည့် ဒေသများတွင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ခွင့်ရမည်ဖြစ်ကြောင်း တရုတ်ရုပ်ရှင်အုပ်ချုပ်ရေးအဖွဲ့ကပြောဆိုခဲ့သည်။
တရုတ်၌ နိုင်ငံတစ်ဝန်း ကူးစက်မှုအန္တရာယ်နည်းပါးနေပြီဖြစ်ရာ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ခြေရှိနေသည်။ ပြန်လည်ဖွင့်လှစ်သော ရုပ်ရှင်ရုံများသည် ပရိသတ် ၃၀ ရာခိုင်နှုန်းဖြင့် လည်ပတ်ရမည်ဖြစ်ပြီး ယခင်က ပြသသည့် ရုပ်ရှင်ပမာဏ၏ ၅၀ ရာခိုင်နှုန်းကိုသာ ပြသရမည်ဖြစ်သည်။
ရုပ်ရှင်ကြည့်ပရိသတ်များ၏ ကိုယ်အပူချိန်ကို တိုင်းတာမည်ဖြစ်ပြီး ပရိသတ်နှင့် ဝန်ထမ်းများသည် နှာခေါင်းစည်းများကို တချိန်လုံးတပ်ထားရမည်ဖြစ်သည်။ ရုပ်ရှင်လက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူရဦးမည်ဖြစ်ပြီး ပရိသတ်တစ်စုစီချင်းစီသည် တစ်စုနှင့်တစ်စု တစ်မီတာစီခြား ထိုင်ရမည်ဖြစ်သည်။
စည်းမျဉ်းသစ်များအရ ရုပ်ရှင်ရုံများထဲတွင် အစားအစာနှင့် အချိုရည်များကို စားသောက်ခွင့်ရမည်မဟုတ်ချေ။ ရုပ်ရှင်ရုံများသည် အစားအစာများနှင့် အချိုရည်များကို ရောင်းချရာမှ အမြတ်အစွန်းများစွာရရှိခဲ့သောကြောင့် ပိတ်ပင်ချက်ကြောင့် များစွာ ထိခိုက်နစ်နာမည်ဖြစ်သည်။
COVID-19 ဗဟိုချက်ဖြစ်ခဲ့သည့် တရုတ်သည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ရုပ်ရှင်ဈေးကွက်ရှိနေပြီး ၂၀၁၉ ခုနှစ်တွင် ရုံဝင်ငွေ ဒေါ်လာ ၉ ဒသမ ၂ ဘီလီယံရရှိခဲ့သည်။

















