သြစတြေးလျနိုင်ငံရှိ ဒုတိယအကြီးဆုံးမြို့ မဲလ်ဘုန်း၌ COVID-19 ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန် ရက်သတ္တပတ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်ကြောင်း သြစတြေးလျကျန်းမာရေးအရာရှိချုပ်က ဇူလိုင် ၂၀ ရက်တွင် ပြောဆိုခဲ့သည်။
ဗစ်တိုးရီးယားပြည်နယ်၌ တည်ရှိသည့် မဲလ်ဘုန်းမြို့၌ ကူးသန်းသွားလာမှုပိတ်ပင်ပြီး အများပြည်သူဆိုင်ရာနေရာများ၌ နှာခေါင်းစည်းမတပ်မနေရတပ်ရန် စည်းမျဉ်းထုတ်ထားသော်လည်း ဇူလိုင် ၂၀ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၇၅ ဦးရှိခဲ့သည်။ လွန်ခဲ့သောသုံးရက်တွင် ကူးစက်သူသစ် ၄၃၈ ဦးဖြင့် စံချိန်တင်ရှိခဲ့ပြီးနောက် ကူးစက်သူသစ်ဦးရေ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။
ဇွန်တွင် ဗစ်တိုးရီးယားနှင့် အခြားပြည်နယ်များ၌ တစ်ရက်လျှင် COVID-19 ကူးစက်သူသစ်ဦးရေ ဂဏန်းတစ်လုံးသာရှိခဲ့ပြီး မဲလ်ဘုန်း၌ ယင်းပမာဏသို့ရောက်ရှိရန် ရက်သတ္တပတ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်ကြောင်း သြစတြေးလျရှိ ကျန်းမာရေးအရာရှိချုပ် ပေါ ကယ်လီကပြောဆိုခဲ့သည်။
ကျန်းမာရေးဆိုင်ရာစည်းမျဉ်းချမှတ်မှုနှင့် ယင်းစည်းမျဉ်းများ သက်ရောက်မှုှရှိကာ အကျိုးရလဒ်ခံစားရသည့်အချိန်ကြား အနည်းဆုံး ရက်သတ္တပတ်နှစ်ပတ်ခန့်ကြာမြင့်လေ့ရှိသည်ကို သိရှိခဲ့ပြီးဖြစ်ကြောင်း ကယ်လီက သြစတြေးလျရုပ်သံကော်ပိုရေးရှင်း၏ အသံလွှင့်ဌာနသို့ပြောဆိုခဲ့သည်။
သြစတြေးလျ၌ ဇူလိုင် ၂၀ ရက်အထိ COVID-19 ကူးစက်သူ ၁၁၈၀၀ နှင့် သေဆုံးသူ ၁၂၃ ဦးရှိနေသည်။ သြစတြေးလျရှိ ပြည်နယ်အများစုတွင် COVID-19 ကူးစက်သူသစ်မရှိသလောက်ရှိနေပြီဖြစ်သည်။
လွန်ခဲ့သောတစ်လခန့်တွင် သြစတြေးလျသည် COVID-19 ကို အောင်မြင်စွာတိုက်ဖျက်နိုင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သော်လည်း ဗစ်တိုးရီးယားရှိ သီးခြားထားရှိစောင့်ကြည့်ရေးစနစ်တွင် လျော့ရဲမှုများရှိခဲ့သောကြောင့် ဇွန်တွင် ကူးစက်သူဦးရေ ပြန်တက်လာခဲ့သည်။ သြစတြေးလျ၌ COVID-19 ဖြစ်ပွားမှုနှင့် တုံ့ပြန်မှုများနှင့်ပတ်သက်၍ ကြားနာစစ်ဆေးမှုကို ဇူလိုင် ၂၀ ရက်တွင် စတင်ပြုလုပ်ခဲ့သည်။
ဗစ်တိုးရီးယားပြည်နယ်အစိုးရသည် လူငါးသန်းခန့်ကို ရက်သတ္တပတ်ခြောက်ပတ် တစ်စိတ်တစ်ပိုင်းကူးသန်းသားသွားလာမှုပိတ်ပင်ခဲ့ပြီး မဲလ်ဘုန်းမြို့နေများ နေအိမ်အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ရန် စည်းမျဉ်းထုတ်ထားသည်။
ယင်းထုတ်ပြန်ထားသည့် စည်းမျဉ်းများကြောင့် ကူးစက်သူသစ်ဦးရေ လျော့ကျသွားသည်ဟု ပြောဆိုရန် အချိန်မကျသေးကြောင်း ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီးချုပ် ဒယ်နီယယ် အန်ဒရူးစ်ကပြောဆိုခဲ့သည်။

















