ကရင်ပြည်နယ် မြဝတီမြို့အမှတ် (၄)ရပ်ကွက်ရှိ ရွှေမြဝတီဈေးသစ်တွင် ဖွင့်လှစ်ထားသည့် Quarantine စင်တာနှင့် ကျောက်လုံးကြီးစင်တာတို့မှ ထိုင်းပြန်မြန်မာလုပ်သား ၁ဝဝ ခန့် ဇူလိုင် ၁၉ ရက် ညပိုင်းနှင့် ၂ဝ ရက် နံနက်ပိုင်းတို့တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားပြီး မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ ဆေးဝါးကုသရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
''ဇူလိုင် ၁၉ ရက် ညဦးပိုင်းက ရွှေမြဝတီဈေးသစ် Quarantine စခန်းက ထိုင်းပြန်မြန်မာလုပ်သား ၄၆ ဦးနဲ့ကျောက်လုံးကြီးစခန်းက လေးဦး စုစုပေါင်း ၅ဝ ခန့်မှာ အစာအဆိပ်သင့်မှုဖြစ်ပွားတဲ့ ရောဂါလက္ခဏာတွေဖြစ်ပေါ်ခဲ့ပြီး အော့အန်မူးဝေခဲ့တဲ့အတွက် မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါနဲ့ ဇူလိုင် ၂ဝ ရက် နံနက်ပိုင်းအထိ နောက်ထပ်လူ ၅ဝ ခန့်ထပ်မံပြီး အစာအဆိပ်သင့်ခဲ့ပါတယ်။ ကုသမှုစောတဲ့အတွက် အသက်အန္တရာယ်တော့စိုးရိမ်စရာမရှိပါဘူး''ဟု မြဝတီမြို့မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။
ရွှေမြဝတီဈေးသစ် Quarantine စခန်း၌ ကျန်းမာရေးစောင့်ကြည့်ပေးလျက်ရှိသော ဒေါက်တာစောဌေးမြင့်က ''ဒီလိုအစာ အဆိပ်သင့်မှုဖြစ်ပွားတာကို ဇူလိုင် ၁၉ ရက် ညနေ ၅ နာရီခန့်မှာ စတင်ဖြစ်ပွားပြီး မူးဝေ၊ အော့အန်၊ ဝမ်းပျက် ဝမ်းလျှောဖြစ်သူတွေ လာရောက်ပြောကြားလို့ စတင်သိရှိရတယ်။ ဆေးရုံကို ပို့ဆောင်ပေးပြီး ဆေးဝါကုသမှုခံယူစေခဲ့ပါတယ်။ စိုးရိမ်စရာအခြေအနေတော့ မရှိပါဘူး။ ပြန်လည်သက်သာတဲ့ သူတွေကိုတော့ စခန်းမှာပြန်ပြီးခေါ်လာခဲ့ပါတယ်''ဟု ပြောသည်။
ငရုတ်သီးနှင့် ချက်ထားသော ခရမ်းချဉ်သီးငါးပိချက်ကို စားမိရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြဝတီနယ်စပ် ထိုင်း--မြန်မာအမှတ်(၂)တံတားမှ တစ်ဆင့် မြန်မာနိုင်ငံသို့ မေ၂၃ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ဒုတိယအကြိမ်ပြန်လည်ဝင်ရောက်လာသူ နေရပ်ပြန်မြန်မာလုပ်သား ၅ဝဝဝဝ ခန့်ရှိကြောင်း သိရသည်။
၎င်းတို့ကို ပြည်နယ်နှင့်တိုင်းအလိုက် အစိုးရချင်းချိတ်ဆက်၍ နေရပ်ဒေသအသီးသီးသို့ ပို့ဆောင်ပေးမှုများရှိသကဲ့သို့ မြဝတီနယ်စပ်ဂိတ်တွင် Quarantine စခန်း ရှစ်ခုခန့်ဖွင့်ထားပြီး အဆိုပါစခန်းများ၌ ၂၁ ရက်ထားရှိကာ ကျန်းမာရေးစောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
















