ရှမ်းပြည်နယ် မြောက်ပိုင်း အော်ရီယမ်တယ် အဝေးပြေးတိုးဂိတ်၌ အထောက်အထားမဲ့ဝင်ရောက်လာသည့်တရုတ် ၁၇ ဦးနှင့် ခိုးသွင်းသူ ယာဉ်မောင်း နှစ်ဦး ဖမ်းဆီးရမိသဖြင့် စစ်ဆေးလျက်ရှိကြောင်း ဇူလိုင် ၂၁ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါ ကွမ်းလုံမြို့အဝင် အဝေးပြေးတိုးဂိတ်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ တပ်စိတ်မှူး တပ်ကြပ်ကြီးအောင်ဝင်းနှင့်ရဲအုပ်ဇော်လင်းထွန်း ဦးစီးသည့် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၇ ရက် ည ၇ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ဖြတ်သန်းမောင်းနှင်သည့် ကွမ်းလုံမြို့၊ခိုလုံရပ်ကွက်နေ ဦးစိုင်းလုံ(၃၄)နှစ် မောင်းနှင်လာသော Wish ခဲရောင်ယာဉ်နှင့် ဦးသိန်းထွန်း(၂၅)နှစ်မောင်းနှင်သည့် Wish အဖြူရောင်ယာဉ်တို့ကို ရပ်တန့်ရှာဖွေခဲ့သည်။
ယာဉ်ပေါ်တွင် အထောက်အထားမဲ့ လိုက်ပါလာသူ တရုတ်နိုင်ငံ၊ဖူကျင့်ပြည်နယ် ရှောက်ဝှာ(၄၁) နှစ်၊ဖူစင်စိမ်း(၂၉)နှစ်၊လင်လူရင်(၃၁)နှစ်၊ကျောက်ဖူရှန် (၄၀)နှစ်၊ချန်ချီလုံ(၂၇)နှစ်၊ချန်လိန်ချုံ(၄၅)နှစ်၊ဆူကျင်လူ(၅၁)နှစ်၊ချိန်ဝမ်းအိမ်(၃၉)နှစ်၊ကော်ရှင်းဟိုင်း(၃၂)နှစ်၊ချူတောက်ဝေ(၃၁)နှစ်၊ချိန်ချိဖိန်(၂၂)နှစ်၊ရင်ယွိ(၃၂)နှစ်၊ဝေဆစ်ဖိန်(၃၄)နှစ်၊ရှန်လိန်ဟောင်(၃၂)နှစ်၊ကော်ရှန်ကျန်(၂၉)နှစ်၊ဝူကျင်ထောင်(၃၀)နှစ်နှင့်ကျုံးကွာကျုံး(၂၅)နှစ်၊စုစုပေါင်း (၁၇)ဦးကို စစ်ဆေးတွေ့ရှိခဲ့သည်။
၎င်းတို့သည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ် ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းတို့ ၁၇ ဦးနှင့် မြန်မာနိုင်ငံအတွင်းသို့ မောင်းနှင်ပို့ဆောင်သူ ယာဉ်မောင်း ၂ ဦးကို အရေးယူပေးရန် ဒုလဝကမှူးကျော်သူရက ဇူလိုင် ၁၈ ရက်နေ့တွင် အမှုဖွင့် တိုင်ကြားခဲ့သည်။
ကွမ်းလုံရဲစခန်းက (ပ)၂၂/၂၀၂၀၊ ၁၉၄၇ခုနှစ်၊မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဌာန်းချက်များ)အက်ဥပဒေ(၁၃/၁/၁၃/၅) အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
















