မျိုးချစ်စိတ်ရှိကြောင်း ပြသသည့်အနေဖြင့် နှာခေါင်းစည်းတပ်ရန် သမ္မတထရမ့် တိုက်တွန်း

မျိုးချစ်စိတ်ရှိကြောင်း ပြသသည့်အနေဖြင့် နှာခေါင်းစည်းတပ်ရန် သမ္မတထရမ့် တိုက်တွန်း

COVID-19 ဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်၍ ရုပ်သံမှတစ်ဆင့် သတင်းစာရှင်းမှုများကို ပြန်လည်ပြုလုပ်မည်ဖြစ်ပြီး နှာခေါင်းစည်းတပ်ခြင်းသည် မျိုးချစ်စိတ်ရှိကြောင်း ပြသခြင်းဖြစ်သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇူလိုင် ၂၀ ရက်တွင် ပြောဆိုခဲ့သည်။

ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ဂျိုးဘိုင်ဒင်နှင့် ယှဉ်ပြိုင်ရမည့် ရွေးကောက်ပွဲမတိုင်မီ ရက် ၁၀၀ ကျော်ခန့်အလိုတွင် ထရမ့်သည် ၎င်း၏ COVID-19 တိုက်ဖျက်ရေးလုပ်ဆောင်မှုများအပေါ် အများပြည်သူက မကျေမနပ်ဖြစ်မှုများ လျော့ကျသွားရေးအတွက် လေသံပြောင်းပြောဆိုလာခဲ့သည်။

အမေရိကန်ပြည်ထောင်စု၌ ဗိုင်းရပ်စ်ကူးစက်မှုစတင်ခဲ့ပြီးနောက် ထရမ့်က ဗိုင်းရပ်စ်သည် မကြာမီတွင် ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သို့သော် ရီပတ်ဘလီကန်များဦးဆောင်သော ဖလော်ရီဒါနှင့် တက္ကဆပ်ပြည်နယ်များ၌ COVID-19 ကူးစက်သူတိုးပွားလာသောကြောင့် ထရမ့်၏ပြောဆိုမှုများကို လက်မခံသူ များလာခဲ့သည်။

COVID-19 အကျပ်အတည်းကို ထရမ့်ကိုင်တွယ်မှုအပေါ် အများပြည်သူ၏ယုံကြည်မှုကျဆင်းနေကြောင်း စစ်တမ်းများက ဖော်ပြခဲ့သည်။

ထရမ့်သည် နှာခေါင်းစည်းတပ်ခြင်းကို လှောင်ပြောင်ခြင်း၊ ဆရာဝန်များက နှာခေါင်းစည်းတပ်ရန် အကြံပြုခြင်းကို လက်မခံဘဲနေခြင်းတို့ရှိခဲ့သည်။

သို့သော် ဇူလိုင် ၂၀ ရက်တွင်မူ သမ္မတဆိုင်ရာတံဆိပ်ပါဝင်သည့် နှာခေါင်းစည်းတပ်ထားသော ၎င်း၏ပုံနှင့် ပြောဆိုမှုအချို့ကို တွစ်တာ၌ တင်ခဲ့သည်။

မမြင်ရတဲ့ တရုတ်ဗိုင်းရပ်စ်ကို အနိုင်ယူဖို့ရာမှာ ညီညွတ်ဖို့လိုပါတယ်။လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာမနေနိုင်ဘူးဆိုရင် နှာခေါင်းစည်းတပ်တာဟာ မျိုးချစ်စိတ်ရှိကြောင်းပြတာပဲလို့ တချို့ကပြောကြတယ်။ ခင်ဗျားတို့ရဲ့ အချစ်ဆုံး သမ္မတ ကျွန်တော့်ထက်ပိုပြီး မျိုးချစ်စိတ်ရှိတဲ့သူမရှိတော့ဘူးဟု ထရမ့်က တွစ်တာ၌ ရေးသားခဲ့သည်။

သို့သော် နိုင်ငံတစ်ဝန်း နှာခေါင်းစည်းမတပ်မနေရတပ်ရန် တိုက်တွန်းချက်ကိုမူ ထရမ့်က ပြုလုပ်ခဲ့ခြင်းမရှိခဲ့ချေ။ တစ်သက်လုံး အိမ်ခြံမြေလုပ်ငန်းရှင်လုပ်ခဲ့သလို ရုပ်သံအစီအစဉ်သရုပ်ဆောင်တစ်ဦးလည်းဖြစ်သည့် ထရမ့်က အမေရိကန်ပြည်သူများ သတင်းမှန်ကို မသိရခြင်းက ပြဿနာဖြစ်နေကြောင်း ပြောဆိုခဲ့သည်။

ထရမ့်သည် နိုင်ငံတစ်ဝန်း COVID-19 အကြီးအကျယ်ဖြစ်ပွားနေမှုအတွက် တာဝန်ယူခြင်းမပြုဘဲ မက္ကဆီကို၊ ဘရာဇီး၊ ဥရောပရှိ နိုင်ငံများစွာနှင့် ရုရှားတု့ိလည်း အကြီးအကျယ်ဖြစ်ပွားနေကြောင်း ပြောဆိုခဲ့သည်။