ဥပဒေဆိုင်ရာအားနည်းချက်တစ်ခုကြောင့် ထောင်ပေါင်းများစွာသော ရိုမေးနီးယား ပြည်သူများကို COVID-19 ကူးစက်စေခဲ့သလိုရှိခဲ့ပြီးနောက် COVID-19 ရောဂါမပျောက်မချင်း ဆေးရုံမှ ဆင်းခွင့်မရှိဟု သတ်မှတ်သည့် ဥပဒေတစ်ခုကို ရိုမေးနီးယားအစိုးရက အတည်ပြုလိုက်ပြီဖြစ်သည်။
ဥပဒေသည် ဇူလိုင် ၂၁ ရက်တွင် စတင်သက်ရောက်ခဲ့သည်။ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော ရိုမေးနီးယားသည် COVID-19 ကူးစက်မှုစတင်ခဲ့သည့် ဖေဖော်ဝါရီမှစ၍ နေ့စဉ်ကူးစက်သူဦးရေတိုးလာခဲ့ပြီး ယခုလအတွင်း COVID-19 ကူးစက်သူဦးရေ စံချိန်တင် မြင့်တက်လာခဲ့သည်။
ယင်းကြောင့် အစိုးရအဖွဲ့သည် အမိန့်ဒီဂရီများထုတ်ပြန်ကာ ရောဂါမပျောက်ဘဲ ဆေးရုံမှဆင်းခွင့်မပြုခြင်း၊ ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့သူများကို နေအိမ်တွင် သီးသန့်ခွဲကာ နေထိုင်စေခြင်းများ ပြုလုပ်စေခဲ့ပြီးဖြစ်သည်။
သို့သော် အစိုးရသည် အမိန့်ဒီဂရီများကိုသုံးပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် သီးသန့်ခွဲခြားနေထိုင်စေရန်အတွက် ညွှန်ကြားခွင့်မရှိဘဲ လွှတ်တော်မှတစ်ဆင့် ဥပဒေအတည်ပြုမှသာ ယင်းသို့ ဖိအားပေးမှုများကို ပြုလုပ်ခွင့်ရှိနေကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဇူလိုင် ၂ ရက်တွင် ဆုံးဖြတ်ခဲ့သည်။
ယခုအတည်ပြုလိုက်သည့် ဥပဒေသစ်သည် လွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် တင်သွင်းခံခဲ့ရပြီးနောက် ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်အကျုံးဝင်ခဲ့ပြီဖြစ်ကာ ဥပဒေပြုမှုဆိုင်ရာ လစ်ဟင်းမှုတစ်ခုကို ထိန်းချုပ်နိုင်တော့မည်ဖြစ်သည်။
"မနက်ဖြန်ကစပြီး ကျွန်တော်တို့မှာ ဥပဒေတစ်ခု ရှိမယ်။ ကျွန်တော်တို့ ဆေးရုံတင်နိုင်တယ်။ သီးသန့်ခွဲပြီး နေထိုင်ခိုင်းနိုင်တယ်။ ဒီစည်းမျဉ်းကို ကျွန်တော်တို့ သက်ရောက်စေနိုင်မယ်ဆိုရင် ကူးစက်မှု အမြောက်အမြားကို ကျွန်တော်တို့ လျှော့ချနိုင်မှာပါ" ဟု ကျန်းမာရေးဝန်ကြီး နဲလူ တာတာရူက ပြောဆိုခဲ့သည်။
ထို့ပြင် လာမည့်နေ့များတွင်လည်း ရိုမေးနီးယားနိုင်ငံအတွင်း တစ်ရက်လျှင် COVID-19 ကူးစက်သူ ၁၀၀၀ ကျော် ရှိလာနိုင်ကြောင်း တာတာရူက ပြောဆိုသည်။ ရိုမေးနီးယားတွင် ဇူလိုင်လ ၂ ရက်မှ ၂၀ ရက်အတွင်း ဆရာဝန်များ၏ ဆန္ဒကို တွန်းလှန်ကာ ၎င်းတို့၏ ဆန္ဒအလျောက် ဆေးရုံမှ ဆင်းသွားသည့် COVID-19လူနာပေါင်း ၉၇၂ ဦး ရှိနေကြောင်း ဇူလိုင် ၂၀ ရက် ထုတ်ပြန်ချက်အရ သိရသည်။
COVID-19 အတည်ပြုလူနာ ၃၆၈၀ ဦးသည်လည်း ဆေးရုံလုံးဝတက်ရောက်ခြင်းမပြုခဲ့ချေ။

















