COVID-19 ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး ပြန်ဦးမော့လာရေး သဘောတူညီမှု ဥရောပသမဂ္ဂရရှိ

COVID-19 ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး ပြန်ဦးမော့လာရေး သဘောတူညီမှု ဥရောပသမဂ္ဂရရှိ

ဥရောပသမဂ္ဂခေါင်းဆောင်များသည် COVID-19 ကြောင့် ထိခိုက်ခဲ့သည့် ၎င်းတို့နိုင်ငံများ၏စီးပွားရေးကို ပြန်လည်လှှုံ့ဆော်မည့် အစီအစဉ်နှင့်ပတ်သက်၍ ငါးရက်နီးပါးဆွေးနွေးခဲ့ပြီးနောက် ဇူလိုင် ၂၁ ရက် အစောပိုင်းတွင် သဘောတူညီမှုရရှိခဲ့သည်။

သဘောတူညီမှုကြောင့် ဥရောပသမဂ္ဂ၏အမှုဆောင်အဖွဲ့ဖြစ်သည့် ဥရောပကော်မရှင်သည် အဖွဲ့ဝင် ၂၇ နိုင်ငံအတွက် ယူရိုဘီလံျပေါင်းများစွာပါဝင်သည့် ရန်ပုံငွေကိုထူထောင်ရမည်ဖြစ်သည်။

ဇူလိုင် ၂၁ ရက် ဒေသဆိုင်ရာစံတော်ချိန် နံနက် ၅ နာရီ ၁၅ မိနစ်တွင်ရရှိခဲ့သည့် သဘောတူညီမှုသည် ဥရောပအတွက် အရေးပါသော အခိုက်အတန့်ဖြစ်ကြောင်း ထိပ်သီးညီလာခံ၏ဥက္ကဋ္ဌ ချားစ် မီရှဲက ပြောဆိုခဲ့သည်။

ဘရပ်ဆဲတွင် ရရှိခဲ့သည့် သဘောတူညီမှုကြောင့် ယူရိုငွေတန်ဖိုးမြင့်တက်ကာ တစ်ယူရိုလျှင် ၁ ဒသမ ၁၄၇၀ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။

သဘောတူညီမှုရရှိရေးအတွက် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်နှင့်အတူ ဦးဆောင်ကြိုးပမ်းခဲ့သည့် ပြင်သစ်သမ္မတ ဧမာနွေလ မာခရွန်က သမိုင်းတွင်သွားပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

စီးပွားရေးပြန်လည်ဦးမော့လာရေး ရန်ပုံငွေ ယူရို ၇၅၀ ဘီလျံ( ဒေါ်လာ ၈၅၇ ဒသမ ၃၃ ဘီလျံ)နှင့် ဆက်စပ်သော အသုံးစရိတ် ယူရို ၁ ဒသမ ၁ ထရီလီယံဖြင့် ဥရောပရှိ ကျဆင်းနေသော စီးပွားရေးကို ကယ်တင်နိုင်မည်ဟု ခေါင်းဆောင်များက မျှော်လင့်ထားသည်။

သို့သော် ဗီတိုအာဏာပိုင်ဆိုင်ထားသည့် အဖွဲ့ဝင် ၂၇ နိုင်ငံ၏ ထိပ်သီးညီလာခံ၌ နိုင်ငံများကြား သဘောကွဲလွဲမှုများလည်း ပိုမိုထင်ရှားလာခဲ့သည်။

ချမ်းသာသော မြောက်ပိုင်းနိုင်ငံများက ဆင်းရဲသော တောင်ပိုင်းနိုင်ငံများကို မကူညီလိုမှုလည်း မြင်တွေ့ခဲ့ရသည်။ နယ်သာလန်ဦးဆောင်သော သြစတြီးယား၊ ဆွီဒင်၊ ဒိန်းမတ်နှင့် ဖင်လန်တို့ပါဝင်သော ချမ်းသာသည့် နိုင်ငံများက COVID-19 ဒဏ် ပြင်းပြင်းထန်ထန်ခံခဲ့ရသည့် အီတလီ၊ စပိန်နှင့် အခြားမြေထဲပင်လယ်နိုင်ငံများအား ထောက်ပံ့ငွေပေးခြင်းမဟုတ်ဘဲ ချေးငွေသာ ထုတ်ပေးရန် ပြောဆိုခဲ့သည်။

ထိပ်တိုက်ဆုံမှုကတော့ရှိမှာပါပဲ ဟု နယ်သာလန်ဝန်ကြီးချုပ် မာ့ခ် ရုတာက ပြောဆိုခဲ့သည်။ သို့သော် သြစတြီးယားဝန်ကြီးချုပ် ဆီဘတ်ရှန်း ခုဇ်ကမူ ပြင်သစ်နှင့် ဂျာမနီဦးဆောင်သော အစဉ်အလာကြီးစိုးခဲ့သည့် နိုင်ငံများသည် နိုင်ငံငယ်များ၏စုပေါင်းအင်အားနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဆင်းရဲသော နိုင်ငံများကို မထောက်ပံ့လိုသည့် နိုင်ငံများသည် အတ္တကြီးမားသော နိုင်ငံများသာဖြစ်ကြောင်း ပိုလန်ဝန်ကြီးချုပ် မာတီယုဇ် မိုရာဝီယက်ကီက ပြောဆိုခဲ့သည်။