နောက်ထပ် ဘရာဇီးဝန်ကြီးနှစ်ဦး COVID-19 ကူးစက်ခံရ

နောက်ထပ် ဘရာဇီးဝန်ကြီးနှစ်ဦး COVID-19 ကူးစက်ခံရ

ဘရာဇီးအစိုးရအဖွဲ့အတွင်း နောက်ထပ်ဝန်ကြီးနှစ်ဦး COVID-19 ကူးစက်ခံထားရပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများအထိပင် ကူးစက်ခံနေရသောကြောင့် COVID-19 ဒဏ် ဒုတိယအဆိုးရွားဆုံး ခံနေရသည့် ဘရာဇီးရှိ COVID-19 တုံ့ပြန်ရေးလုပ်ငန်းစဉ်များ၌ အားနည်းချက်များ ပိုမိုသိသာထင်ရှားလာခဲ့သည်။

နိုင်ငံသားရေးရာဝန်ကြီး အိုနင့်စ် လိုရန်ဇိုနီနှင့် အသစ်ခန့်အပ်ထားသော ပညာရေးဝန်ကြီး မီလ်တန်ရီဘေးရိုတို့သည် ၎င်းတို့ ကုသမှုခံယူနေပုံနှင့် သီးသန့်ခွဲခြားနေထိုင်ရပုံများကို လူမှုမီဒီယာများမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

သမ္မတဂျိုင်ယာ ဘိုဆိုနာရိုနှင့် နီးစပ်သူတစ်ဦးလည်းဖြစ်သော လိုရန်ဇိုနီကမူ သမ္မတကိုယ်တိုင် ညွှန်းဆိုထားသော ဟိုက်ဒရိုစီကလိုရိုကွင်းဆေးဝါးကို အသုံးပြုသည့်အတွက် ရောဂါဝေဒနာများအနည်းငယ်သာခံစားရကြောင်း ပြောဆိုခဲ့သည်။

"ထိရောက်မှုရှိနေတယ်လို့ ကျွန်တော် ခံစားခဲ့ရပြီးပါပြီ" ဟု ဝန်ကြီးလိုရန်ဇိုနီက ဟိုက်ဒရိုစီကလိုရိုကွင်းဆေးအသုံးပြုမှုနှင့်ပတ်သက်၍ ပြောဆိုခဲ့သည်။

သမ္မတဘိုဆိုနာရိုသည် COVID-19 ကူးစက်ခံထားရပြီး သီးခြားနေထိုင်နေရသူလည်းဖြစ်သည်။ ရောဂါ ပျောက်ကင်းသက်သာမှုအား သက်သေပြရန် ခိုင်လုံသော အထောက်အထားမရှိသော်လည်း ဘိုဆိုနာရိုသည် ဟိုက်ဒရိုစီကလိုရိုကွင်းအပါအဝင် ဆေးအချို့ကို အပြည့်အ၀ အားပေးထောက်ခံမှုပြုနေသူတစ်ဦးလည်း ဖြစ်သည်။

လူနာတွေက လုံးဝသဘောတူလက်ခံပေးနေသရွေ့ ဆေးလောကရဲ့ ထောက်ခံချက်မရှိလည်း သုံးစွဲလို့ရတယ်ဆိုတာကို သိထားဖို့လိုပါတယ်ဟု ဘိုဆိုနာရိုက တွစ်တာ၌ ဇူလိုင် ၂၀ ရက်တွင် ရေးသားခဲ့သည်။

ဇူလိုင် ၁၉ ရက်တွင် သမ္မတ ဘိုလ်ဆိုနာရိုသည် ဘရာစီးလျား၌ ထောက်ခံသူများအား မီတာအနည်းငယ်အကွာမှ တွေ့ဆုံခဲ့ပြီး ဆေးဘူးငယ်တစ်ခုကိုလည်း လက်နှစ်ဖက်ဖြင့် ဝှေ့ယမ်းပြခဲ့သည်။

ဘိုဆိုနာရို၏အမျိုးသားလုံခြုံရေးအကြံပေး သြဂတ်စတို ဟဲလဲနို၊ သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီး ဘန်တို အဘူကာကီတို့သည်လည်း COVID-19 ကူးစက်ခံထားရပြီးဖြစ်သည်။