ပထမဆုံး စစ်ဘက်ဆက်သွယ်ရေးဂြိုဟ်တု တောင်ကိုရီးယား လွှတ်တင်

ပထမဆုံး စစ်ဘက်ဆက်သွယ်ရေးဂြိုဟ်တု တောင်ကိုရီးယား လွှတ်တင်

တောင်ကိုရီးယား၏ပထမဆုံး စစ်ဘက်ဆက်သွယ်ရေးဂြိုဟ်တုကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပုဂ္ဂလိက အာကာသလေ့လာရေးကုမ္ပဏီ SpaceX က ဂြိုဟ်တုကို လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ANASIS-II ဂြိုဟ်တုတင်ဆောင်ထားသည့် Falcon 9 ဒုံးပျံသည် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ ကေ့ပ်ကာနာဗရယ်လေတပ် ဒုံးကျည်လွှတ်တင်ရေးစခန်းမှ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးအစီအစဉ် အုပ်ချုပ်ရေးအဖွဲ့(DAPA) က ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်း၌ ဒုံးပျံထွက်ခွာပြီး ၃၂ မိနစ်တွင် ဂြိုဟ်တုကို လွှတ်တင်နိုင်ခဲ့ကြောင်း SpaceX က ထုတ်ပြန်ခဲ့သည်။

ယခုဂြိုဟ်တုကို လွှတ်တင်နိုင်ခဲ့သောကြောင့် တောင်ကိုရီးယားသည် ကမ္ဘာပေါ်တွင် စစ်တပ်ပိုင်ဆက်သွယ်ရေးဂြိုဟ်တုကိုလွှတ်တင်နိုင်ခဲ့သည့် ၁၀ နိုင်ငံတွင် ပါဝင်လာခဲ့ပြီဖြစ်ကာ စစ်ဘက်ဆက်သွယ်ရေးကို များစွာအထောက်အကူရမည်ဖြစ်ကြောင်း DAPA က ဖော်ပြခဲ့သည်။

ဂြိုဟ်တုသည် ကမ္ဘာပတ်လမ်းသို့ လာမည့်နှစ်ပတ်အတွင်းရောက်ရှိမည်ဖြစ်ပြီး တောင်ကိုရီးယားစစ်တပ်သည် အောက်တိုဘာမှစ၍ ဂြိုဟ်တုထိန်းချုပ်ရေးစနစ်ကို တာဝန်ယူမည်ဖြစ်သည်။

ဂြိုဟ်တုကြောင့် တောင်ကိုရီးယားစစ်တပ်၏ လွတ်လပ်သော စစ်ဆင်ရေးစွမ်းရည်ကို တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှအရာရှိတစ်ဦးက ယွန်ဟတ်သတင်းဌာနသို့ ပြောဆိုခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် လုံခြုံရေးမဟာမိတ်များဖြစ်ကြပြီး တောင်ကိုရီးယား၌ အမေရိကန်စစ်သည် ၂၈၅၀၀ ခန့် စခန်းချထားသည်။

သို့သော် မြောက်ကိုရီးယားနှင့်ပတ်သက်သော ချဉ်းကပ်မှု၊ တောင်ကိုရီးယားရှိ အမေရိကန်စစ်သည်များအတွက် ကုန်ကျစရိတ်များစိုက်ထုတ်မှုတို့နှင့်ပတ်သက်၍ သဘောကွဲလွဲရာမှ မဟာမိတ်များကြားရှိ ဆက်ဆံရေးပြေလည်ခြင်းမရှိခဲ့ချေ။

COVID-19 ဖြစ်ပွားနေမှုကြောင့် သြဂုတ်အစောပိုင်းတွင် ပုံမှန်ပြုလုပ်လေ့ရှိသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မည်ကဲ့သို့ ပြုလုပ်မည်နှင့်ပတ်သက်၍ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဂျွန် ကျွန်-ဒူးနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါတို့သည် ဇူလိုင် ၂၁ ရက်တွင် ဖုန်းဆက်ဆွေးနွေးခဲ့သော်လည်း တစ်စုံတစ်ရာကို ပြတ်ပြတ်သားသားဆုံးဖြတ်နိုင်ခြင်းမရှိသေးကြောင်း တောင်ကိုရီးယားအစိုးရအရာရှိတစ်ဦးက ပြောဆိုခဲ့သည်။

တောင်ကိုရီးယား၌ တပ်စွဲထားသည့် အမေရိကန်စစ်တပ်မှ စစ်သည် ၅၀ ခန့် COVID-19 ကူးစက်ခံထားရသောကြောင့် စစ်သည်များကြား ကူးစက်မှုပျံ့နှံ့သွားမည်ကို စိုးရိမ်မှုများရှိနေသည်။