ဇွန်လတွင် COVID-19 တိုက်ဖျက်ရေးချမှတ်ထားသည့် ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ဖြေလျှော့ပေးခဲ့ပြီးနောက် COVID-19 ကူးစက်သူနှင့် သေဆုံးသူဦးရေ မြင့်တက်လာမှုကြောင့် COVID-19 ရှိမရှိ ဓာတ်ခွဲနမူနာစစ်ဆေးမှုများကို ပိုမိုပြုလုပ်သွားမည်ဖြစ်ပြီး နှာခေါင်းစည်းမတပ်သူများကို ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရိုဒရီဂို ဒူတာတေးက ဇူလိုင် ၂၀ ရက်တွင် သတိပေးပြောဆိုခဲ့သည်။
ဖိလစ်ပိုင် အစိုးရသည် လက်ရှိတွင် တစ်ရက်လျှင် COVID-19 ဓာတ်ခွဲနမူနာစစ်ဆေးမှု ၂၀၀၀၀ မှ ၂၃၀၀၀ ကြားပြုလုပ်နေခဲ့ရာ တစ်ရက်လျှင် ၃၂၀၀၀ မှ ၄၀၀၀၀ အထိ တိုးမြှင့်စစ်ဆေးနိုင်ရန် ရည်ရွယ်ထားကြောင်း ကျန်းမာရေးဝန်ကြီး ဖရန်စစ္စကို ဒူက ရုပ်သံအစည်းအဝေးတစ်ခုတွင် ပြောဆိုခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် လက်ရှိတွင် လူဦးရေ ၁ ဒသမ ၁ သန်းခန့်ကို COVID-19 ရှိမရှိ စစ်ဆေးခဲ့ပြီးဖြစ်သော်လည်း လာမည့်နှစ် ဒုတိယလေးလပတ်ရောက်ရှိချိန်တွင် လူ ၁၀ သန်း သို့မဟုတ် လူဦးရေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကို စစ်ဆေးပြီးဖြစ်နေရမည်ဟု ရည်မှန်းထားသည်။
"အမေရိကန်လို အချမ်းသာဆုံးနိုင်ငံမျိုးတောင် မလုပ်နိုင်တာကြောင့် နိုင်ငံသားတိုင်းကို စစ်ဆေးပေးဖို့ မဖြစ်နိုင်ပါဘူး" ဟု ကျန်းမာရေးဝန်ကြီး ဖရန်စစ္စကို ဒူ က ပြောဆိုခဲ့သည်။
COVID-19 ကူးစက်သူနှင့် သေဆုံးသူဦးရေတွင် အရှေ့တောင်အာရှနိုင်ငံများအနက် ဖိလစ်ပိုင်သည် အင်ဒိုနီးရှားပြီးနောက် ဒုတိယအများဆုံးရှိနေကာ ဇွန်တွင် အစိုးရက ဖြေလျှော့မှုများ စတင်လုပ်ဆောင်ခဲ့ပြီးနောက် ၆၈၈၉၈ ဦးအထိ ကူးစက်သူ လေးဆနီးပါးတိုးကာ ၁၈၃၅ ဦးအထိ သေဆုံးသူနှစ်ဆ တိုးလာခဲ့သည်။
လက်ရှိတွင် ဖိလစ်ပိုင်အစိုးရသည် COVID-19 ကူးစက်သူများပြားနေသည့် နေရာများတွင် ကူးသန်းသွားလာမှုပိတ်ပင်မှုများကို ပြန်လည်ချမှတ်ထားပြီးဖြစ်သည်။
COVID-19 ဒဏ် အဆိုးရွားဆုံးခံနေရသည့် နိုင်ငံ ၃၀ စာရင်းတွင် ဖိလစ်ပိုင်မှာ စစ်ဆေးနိုင်စွမ်းနှင့်ပတ်သက်၍ အဆင့် ၂၄ တွင် ရပ်တည်နေကြောင်း စာရင်းအင်းအချက်အလက်စုပေါင်းဖော်ပြသည့် ဂျာမန်အခြေစိုက် ဝက်ဘ်ဆိုက်ဖြစ်သော Statista အရ သိရသည်။
ထို့ပြင် သမ္မတ ဒူတာတေးကလည်း နှာခေါင်းစည်းတပ်ရန် ငြင်းဆန်သူများ၊ သို့မဟုတ် အခြားသူများနှင့် ဘေးကင်းလုံခြုံသော အကွာအဝေးတွေ နေထိုင်ရန် ငြင်းဆန်သူများကို ဖမ်းဆီးသွားမည်ဟု ခြိမ်းခြောက်ထားသည်။

















