မလေးရှား၌ COVID-19 အစုလိုက်အပြုံလိုက်ကူးစက်မှုပြန်ရှိလာသောကြောင့် နိုင်ငံသားများအနေဖြင့် ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာရန်လိုအပ်ပြီး အများပြည်သူဆိုင်ရာနေရာများ၌ နှာခေါင်းစည်းမတပ်မနေရတပ်ရန် တိုက်တွန်းလိုကြောင်း မလေးရှားဝန်ကြီးချုပ် မူယစ်ဒင် ယက်ဆင်က ဇူလိုင် ၂၀ ရက်တွင် ရုပ်သံမှတစ်ဆင့် ပြောဆိုခဲ့သည်။
မကြာသေးမီရက်များအတွင်း ကူးစက်သူသစ် ဂဏန်းနှစ်လုံးပမာဏပြန်ရှိလာခဲ့သောကြောင့် စည်းမျဉ်းများလိုက်နာရန်လိုအပ်ကြောင်း မူယစ်ဒင် ယက်ဆင်က ပြောဆိုခဲ့သည်။
"ဒီအခြေအနေကို ပေါ့ပေါ့လေးမှတ်ထားလို့မရဘူး၊ အစိုးရက ကူးသန်းသွားလာမှုပိတ်ပင်ချက် ပြန်ချတာကို ဘယ်သူမှ လိုလားမှာမဟုတ်ဘူး၊ ဒါပေမဲ့ COVID-19 ကူးစက်သူ ပြန်များလာရင်တော့ လုပ်ရမှာပဲ၊ အဲဒီအဆင့်ထိ မရောက်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်" ဟု မူယစ်ဒင်က ပြောဆိုခဲ့သည်။
ကူးသန်းသွားလာမှုပိတ်ပင်ချက်ဖြေလျှော့မှုအဆင့်(RMCO) အတွင်း နိုင်ငံတစ်ဝန်း၌ အစုလိုက်အပြုံလိုက်ကူးစက်သူ ၁၃ ဦး ရှိခဲ့သောကြောင့် စိုးရိမ်စရာရှိနေကြောင်း မူယစ်ဒင်က ပြောဆိုခဲ့သည်။
ယင်းကြောင့် အများပြည်သူအနေဖြင့် နှာခေါင်းစည်းတပ်ပြီး တစ်ဦးနှင့်တစ်ဦး အနည်းဆုံး တစ်မီတာစီခြားကာ ပြောဆိုနေထိုင်၍ ဖြစ်နိုင်လျှင် ထိတွေ့မှုကို ရှောင်ရှားရန် တိုက်တွန်းလိုကြောင်း ၎င်းက ပြောဆိုခဲ့သည်။
အများပြည်သူဆိုင်ရာနေရာများ၌ နှာခေါင်းစည်းမတပ်မနေရတပ်ရန် အစိုးရက ညွှန်ကြားချက်ထုတ်မည်ဖြစ်ပြီး သက်ဆိုုင်သော စည်းမျဉ်းများကို ဆုံးဖြတ်ပြီးပါက ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း မူယစ်ဒင်က ဆက်လက်ပြောဆိုခဲ့သည်။
မလေးရှား၌ COVID-19 ကူးစက်သူ ၈၈၀၀ နှင့် သေဆုံးသူ ၁၂၃ ဦးရှိနေသည်။ ပြည်ပပြန်များကြား COVID-19 ကူးစက်သူများရှိနေသဖြင့် ၎င်းတို့သည် တာဝန်သိစိတ်ဖြင့် သီးခြားနေထိုင်ရန်လိုအပ်ပြီး ယင်းစည်းမျဉ်းကိုလိုက်နာခြင်းမရှိပါက ထိုက်သင့်သော ပြစ်ဒဏ်များကိုချမှတ်၍ အစိုးရလက်အောက်ရှိ သီးခြားထားရှိစောင့်ကြည့်စခန်းများတွင် ထားရှိမည်ဖြစ်ကြောင်း မူယစ်ဒင်က သတိပေးပြောဆိုခဲ့သည်။

















