COVID-19 ကုသဆေး Remdesivir မှောင်ခိုရောင်းချသူ ၁၄ ဦးကို အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီး

COVID-19 ကုသဆေး Remdesivir မှောင်ခိုရောင်းချသူ ၁၄ ဦးကို အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီး

Gilead Sciences က အိန္ဒိယဆေးကုမ္ပဏီများအား ထုတ်လုပ်ခွင့်ပေးထားပြီး ပြည်တွင်းမှာပင် ထုတ်လုပ်သည့် Remdesivir ကို လက်လီဈေးထက် ငါးဆတင်ပြီး မှောင်ခိုရောင်းချခဲ့သူများအဖြစ် သံသယရှိနေသော လူ ၁၄ ဦးကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

အမေရိကန်ပြည်ထောင်စု၌ စမ်းသပ်ခန်းတွင်း စမ်းသပ်ကုသမှုများတွင် COVID-19 လူနာများ၏နာလန်ထချိန်ပိုမိုမြန်ဆန်ကြောင်း လေ့လာတွေ့ရှိခဲ့ပြီးနောက် Remdesivir ဆေးကို ရောဂါပြင်းထန် လူနာများတွင် ကုသရန် နိုင်ငံအတော်များများက အတည်ပြုခဲ့ကြပြီးဖြစ်သည်။

COVID-19 ကြောင့် တစ်ကမ္ဘာလုံးတွင် လူငါးသိန်းကျော်ခန့် သေဆုံးခဲ့ပြီးဖြစ်သည်။ Remdesivir ဆေးကို မှတ်ပုံတင်ထားပြီးဖြစ်သည့် Gilead Sciences သည် ယင်းဆေးကို ဒေသအလိုက်ထုတ်လုပ်ရန် အိန္ဒိယရှိ ဆေးဝါးကုမ္ပဏီခြောက်ခုတို့ကို လိုင်စင်ထုတ်ပေးထားပြီးဖြစ်သည်။

သို့သော် လက်ရှိတွင်မူ အကန့်အသတ်ဖြင့်သာ ထုတ်လုပ်နိုင်သေးသည်။ အိန္ဒိယတွင် လက်ရှိအချိန်၌ COVID-19 ကူးစက်သူ ၁ ဒသမ ၁၁ သန်းခန့် ရှိနေပြီဖြစ်ကာ သေဆုံးသူမှာ ၂၇၀၀၀ ကျော်လွန်လာပြီဖြစ်သည်။

လက်လီဈေးကွက်၌ Remdesivir ဆေး တစ်ကြိမ်သုံးပမာဏသည် ရူပီး ၅၄၀၀ သာ ပေါက်ဈေးရှိသော်လည်း ယင်းကို မှောင်ခိုဈေးကွက်တွင် ရူပီး ၃၀၀၀၀ (ဒေါ်လာ ၄၀၀) နှုန်းဖြင့် ရောင်းချသူ ၁၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း မွမ်ဘိုင်းနှင့် ဟိုက်ဒရာဘတ်မြို့မှ ရဲတပ်ဖွဲ့ဝင်များက ပြောဆိုခဲ့သည်။

ထို့ပြင် အိန္ဒိယ ဆေးဝါးကုမ္ပဏီ Cipla နှင့် Hetero Labs တို့မှ ထုတ်လုပ်ထားသည့် ဆေးဘူးငယ် ၂၃ ခုကိုလည်း သံသယရှိသူများထံမှ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။

လက်ရှိတွင် COVID-19 ကူးစက်သူ ၃၁၀၀၀၀ ကျော် ရှိနေသည့် မဟာရာသျှတ္တရပြည်နယ်၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA)သည် ရဲတပ်ဖွဲ့၏ အကူအညီဖြင့် Remdesivir ဆေး မှောင်ခိုဈေးကွက်အား တားဆီးထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း ပြည်နယ်၏ FDA ကော်မရှင်နာ အာရွန် အန်ဟာလီက ပြောဆိုခဲ့သည်။