နီပေါ၌ COVID-19 ကြောင့် ထိခိုက်ခဲ့ရသည့် ခရီးသွားလာရေးကဏ္ဍ ပြန်လည်ဦးမော့လာရေးအတွက် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ သြဂုတ်လလယ်ပိုင်းတွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း နီပေါအစိုးရက ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နီပေါနိုင်ငံသည် COVID-19 ကူးစက်မှုတိုက်ဖျက်ရေးအတွက် မတ်လအကုန်ပိုင်းကတည်းက လေဆိပ်များကို ပိတ်ထားခဲ့သည်။ နီပေါနိုင်ငံ၌ COVID-19 ကူးစက်သူ ၁၇၈၄၄ ဦးနှင့် သေဆုံးသူ ၄၀ ရှိနေပြီဖြစ်သည်။
နီပေါသို့ တောင်တက်သမားရာပေါင်းများစွာ လာရောက်သည့် ခရီးသွားရာသီမတိုင်မီတွင် နိုင်ငံနယ်စပ်အားလုံးကို ပိတ်သိမ်းလိုက်ခြင်းဖြစ်သောကြောင့် နီပေါအနေဖြင့် ဒေါ်လာ သန်းပေါင်းများစွာကို ဆုံးရှုံးခဲ့သည်။
နီပေါဝန်ကြီးအဖွဲ့သည် ဇူလိုင် ၂၀ ရက်တွင် ဝန်ကြီးအဖွဲ့အစည်းအဝေးပြုလုပ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များ သြဂုတ် ၁၇ ရက်တွင် ပြန်လည်စတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ခရီးသွားလာရေးနှင့် အရပ်ဘက်ပျံသန်းရေးဝန်ကြီး ယိုဂတ် ဘတ္တရိုင် ကပြောဆိုခဲ့သည်။
ဝန်ကြီးဌာနသည် လေဆိပ်စီမံခန့်ခွဲရေးနှင့် ခရီးသည်များ လုံခြုံမှုရှိရေး အစီအစဉ်များချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ဘတ္တရိုင်က ပြောဆိုခဲ့သည်။ နီပေါနိုင်ငံသို့ ဆိုက်ရောက်နှင့် ထွက်ခွာသည့် ခရီးသည်အားလုံးသည် COVID-19 ကင်းစင်ကြောင်း သက်သေခံလက်မှတ်ပါရှိရမည်ဖြစ်သည်။
ယမန်နှစ်တွင် နီပေါသို့လာရောက်သည့် ခရီးသည် ၁ ဒသမ ၂ သန်းအနက် သုံးပုံတစ်ပုံသည် ဆောင်းဦးတွင် ရောက်ရှိလာသူမျာဖြစ်ကြောင်း အစိုးရ၏ စာရင်းအင်းများတွင်ဖော်ပြထားသည်။

















