အိန္ဒိယသမုဒ္ဒရာထဲ၌ အိန္ဒိယရေတပ်မှ စစ်သင်္ဘောများနှင့် အမေရိကန်လေယာဉ်တင်သင်္ဘော Nimitz တို့ ဇူလိုင် ၂၀ ရက်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြောင်း အမေရိကန်ရေတပ်က ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဒေသတွင်း တင်းမာမှုများရှိလာရန် သွေးထိုးလှုံ့ဆော်နေကြောင်း တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန်စွပ်စွဲနေကြချိန်တွင် အမေရိကန်ရေတပ်က အမေရိကန်လေယာဉ်တင်သင်္ဘော Nimitz နှင့် Ronald Reagan တို့ကို ရက်သတ္တပတ်နှစ်ပတ်အတွင်း တောင်တရုတ်ပင်လယ်တွင်းသို့ ဒုတိယအကြိမ်မြောက် စေလွှတ်ခဲ့ပြီးဖြစ်သည်။
လွန်ခဲ့သောလတွင် ဟိမဝန္တာဒေသ နှစ်နိုင်ငံနယ်စပ်၌ အိန္ဒိယနှင့် တရုတ်စစ်သည်များ လူအသေအပျောက်ရှိသည့် ထိပ်တိုက်ဆုံမှုရှိခဲ့ပြီးနောက် နှစ်နိုင်ငံကြားဆက်ဆံရေး ပိုမိုဆိုးရွားလာခဲ့သည်။ ထို့ပြင် ဒေသတွင်း လုံခြုံရေးချိန်ခွင်လျှာ ညီစေရန်အတွက် အမေရိကန်၊ ဂျပန်အပါအဝင် အမေရိကန်၏မ ဟာမိတ်များနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန် အိန္ဒိယ၌ တောင်းဆိုမှုများရှိခဲ့သည်။
နှစ်နိုင်ငံစစ်တပ်များ ပူးပေါင်းတိုက်ပွဲဝင်စွမ်းရည် တိုးတက်ရေးအတွက် ဇူလိုင် ၂၀ ရက်တွင် စစ်ရေးလေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း Nimitz လေယာဉ်တင် သင်္ဘောအပါအဝင် တပ်စု၏တပ်မှူး ဗိုလ်ချုပ် ဂျင်ကာ့ကပြောဆိုခဲ့သည်။ အိန္ဒိယရှိ အန်ဒမန်နှင့် မာလက်ကာရေလက်ကြား အနီးရှိ နီကာဘာကျွန်းစုများအနီး စစ်ရေးလေ့ကျင့်ခဲ့ခြင်းဖြစ်သည်။ ယင်းကျွန်းစုများပေါ်တွင် အိန္ဒိယ စစ်အခြေစိုက်စခန်းတစ်ခုရှိနေသည်။
လေကြောင်းရန် ကာကွယ်ရေးအပါအဝင် ပူးပေါင်းစစ်ဆင်နိုင်စွမ်းနှင့် လေ့ကျင့်ရေးစွမ်းရည်တိုးရေးတို့ကို ရည်ရွယ်သည့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့သည်။ Nimitz ပါဝင်သည့် ရေတပ်သင်္ဘောတပ်စုသည် ယခုလောလောဆယ်တွင် အိန္ဒိယသမုဒ္ဒရာထဲ၌ တပ်စွဲထားကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့သည်။
ယခုနှစ်အကုန်ပိုင်းတွင် အိန္ဒိယသည် ဘင်္ဂလားပင်လယ်အော်ထဲ၌ အမေရိကန်၊ ဂျပန်တို့နှင့် ရေတပ်ချင်းပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်မည်ဖြစ်ပြီး ယင်းလေ့ကျင့်မှုသို့ သြစတြေးလျကို ဖိတ်ခေါ်မည်ဖြစ်သည်။ ဒေသတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ခြင်းကြောင့် တည်ငြိမ်မှုပျက်လာနိုင်ကြောင်း တရုတ်က ယခင်က သတိပေးခဲ့ဖူးသည်။

















