တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဝေဖန်ပြောဆိုခဲ့သည့်အတွက် တရုတ်ရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုမှ ထုတ်ပယ်ခံခဲ့ရသည့် ဥပဒေပါမောက္ခတစ်ဦးကို ကျောင်းသားဟောင်း ရာပေါင်းများစွာတို့က ထောက်ခံပြီး ပါမောက္ခအတွက် ယွမ် ၁၀၀၀၀၀( ဒေါ်လာ ၁၄၃၀၀) ကျော်ကို ရန်ပုံငွေအဖြစ်စုဆောင်းနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆင်ဟွာတက္ကသိုလ်၌ နှစ် ၂၀ ကျော်တာဝန်ထမ်းဆောင်ခဲ့သည့် ရှူ ကျန်းဂရန်က တက္ကသိုလ်ကျောင်းသားဟောင်း ၆၀၀ ခန့်ထံသို့ ကျေးဇူးတင်ကြောင်းပြောဆိုသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ပေးပို့ခဲ့သည်။ တက္ကသိုလ်မှ အထုတ်ပယ်မခံရမီ ဇွန်အစောပိုင်းတွင် ရဲတပ်ဖွဲ့၏ တစ်ပတ်ခန့် ထိန်းသိမ်းခြင်းခံခဲ့ရသည့် ရှူက ၎င်းထက်ပိုမိုလိုအပ်သူများထံသို့သာ ငွေများပေးပို့သင့်ကြောင်း ပြောဆိုခဲ့သည်။
"ကျွန်တော် အသက် ၆၀ နားနီးပါပြီ၊ မျက်လုံးမကောင်းတော့ပေမယ့် ကျန်းမာသေးတော့ စားဖို့သောက်ဖို့ အလုပ်လုပ်လို့ရပါသေးတယ်၊ ပညာလေ့လာမှုအကန့်အသတ်နဲ့ရှိနေပေမယ့် တွေးတာတောတာကို မထိခိုက်သေးတာမို့ စာတမ်းငယ်တွေရေးပြီး ငွေရှာနိုင်ပါသေးတယ်" ဟု ရှူကပြောဆိုခဲ့သည်။ ဇူလိုင် ၁၉ ရက်တွင် ရက်စွဲတပ်ထားသည့် စာကို လူမှုမီဒီယာများတွင် ဝေမျှမှုများရှိခဲ့ပြီး ယင်းသည် ရှူရေးသည့် စာမှန်ကန်ကြောင်း မိတ်ဆွေတစ်ဦးက အတည်ပြုခဲ့သည်။
အသက် ၅၇ နှစ်အရွယ် ရှူရေးသားသည့် စာတမ်းများသည် တက္ကသိုလ်ဝန်ထမ်းကျင့်ဝတ်ကိုချိုးဖောက်နေသောကြောင့် ထုတ်ပယ်ခံရခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ယမန်နှစ်တွင် ချိန်တုသို့ ခရီးစဉ်အတွင်း ရှူသည် ပြည့်တန်ဆာများနှင့် ပျော်ပါးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ပညာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်သည် အရှက်ကင်းမဲ့သလို ရယ်စရာလည်းကောင်းလှကြောင်း ရှူ၏မိတ်ဆွေများကပြောဆိုခဲ့သည်။
ရှူသည် ရဲအချုပ်ဖြင့် ရက်သတ္တပတ်ကြာ နေထိုင်ခဲ့ရကြောင်း အမည်မဖော်လိုသည့် မိတ်ဆွေများက ပြောဆိုခဲ့သည်။ အိတ်ဖွင့်ပေးစာတွင် ရှူသည် အစိုးရကိုဆက်လက်ဝေဖန်ခဲ့ပြီး စာဆက်လက် ရေးသားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။ နိုင်ငံရေးစနစ်ရဲ့ ယုတ်မာမှုတွေက ပြောင်းလဲမှာမဟုတ်ဘူး ဟု ရှူကရေးသားထားသည်။
တရုတ်အစိုး၏ ပွင့်လင်းမြင်သာမှုကင်းမဲ့ခြင်းကြောင့် COVID-19 ဖြစ်ပွားမှုအခြေအနေဆိုးရွားခဲ့ရခြင်းဖြစ်ပြီး တရုတ်သမ္မတရှီကျင့်ဖျင် တစ်သက်တာလုံး အုပ်ချုပ်ခွင့်ရသည့် ၂၀၁၈ ခုနှစ်တွင် သမ္မတသက်တမ်း ကန့်သတ်ချက်ပယ်ဖျက်မှုသည်လည်း ဆိုးယုတ်လှကြောင်း ရှူက ၎င်း၏စာတမ်းများတွင် ရေးသားခဲ့သည်။

















