ထိုင်း၌ အရေးပေါ်အခြေအနေ သြဂုတ်အကုန်အထိ သက်တမ်းတိုး

ထိုင်း၌ အရေးပေါ်အခြေအနေ သြဂုတ်အကုန်အထိ သက်တမ်းတိုး

ထိုင်းနိုင်ငံ၌ COVID-19 ဖြစ်ပွားမှု ထိန်းချုပ်ရေး စည်းမျဉ်းများ ဆက်လက်သက်ရောက်ရေးအတွက် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားမှုကို သြဂုတ်အကုန်ပိုင်းအထိ သက်တမ်းတိုးလိုက်ပြီဖြစ်ကြောင်း ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဆွမ်ဆက် ရွန်စီတာက ဇူလိုင် ၂၂ ရက်တွင် ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံ၌ ပြည်တွင်း COVID-19 ကူးစက်မှုမရှိသည်မှာ နှစ်လနီးပါးရှိခဲ့ပြီဖြစ်ပြီး အရေးပေါ် အမိန့်ဒီဂရီ မလိုအပ်တော့ကြောင်း အများပြည်သူက ပြောဆိုနေချိန်တွင် သက်တမ်းတိုးလိုက်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စီးပွားရေးပြန်လည် ဦးမော့လာရေးအတွက် စီးပွားရေးဆိုင်ရာအစည်းအဝေးများပြုလုပ်ခွင့်ပြုပြီး ခရီးသွားလာရေး လုပ်ငန်းပြန်လည် လည်ပတ်ခွင့်ပြုတော့မည်ဖြစ်သောကြောင့် အမိန့်ဒီဂရီ လိုအပ်နေကြောင်း ဆွမ်ဆက်ကပြောဆိုခဲ့သည်။

ကျန်းမာရေးဝန်ထမ်းများက အရေးပေါ်အခြေအနေထုတ်ပြန်ချက် ဆက်လက်ထားရှိပေးရန် တောင်းဆိုမှုကြောင့် သက်တမ်းတိုးရခြင်းလည်းဖြစ်ကြောင်း ဆွမ်ဆက်က ဆက်လက်ပြောဆိုခဲ့သည်။

သို့သော် COVID-19 တိုက်ဖျက်ရေးအတွက်သာ အရေးပေါ် အမိန့်ဒီဂရီကို အသုံးပြုမည်ဖြစ်ပြီး ဆန္ဒပြမှုများကို ယင်းအမိန့်ဒီဂရီဖြင့် နှိမ်နင်းမည်မဟုတ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

ရီလွင် ဘာသာပြန်သည်။