ဝက်စ်ဘရွန်းသည် ဇူလိုင် ၂၂ ရက်က ချန်ပီယံရှစ်ရာသီသိမ်းပွဲအဖြစ် ကျူပီအာကိုလက်ခံကစားခဲ့ရာ နှစ်ဂိုးစီ သရေကျခဲ့ပြီးနောက် အဆင့်(၂)ဖြင့်ပန်းဝင်ကာ ပရီးမီးယားလိဂ်သို့ ပြန်လည်တက်လှမ်းခဲ့ပြီဖြစ်ကြောင်း စကိုင်းစပို့တ်က ဖော်ပြခဲ့သည်။
ရာသီသိမ်းပွဲ၌ အနီးကပ်ပြိုင်ဘက် ဘရန့်ဖို့ဒ်မှာ ဘန်စလေကို နှစ်ဂိုး တစ်ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရာ ဝက်စ်ဘရွန်း က ၈၃ မှတ်ရရှိကာ ဘရန့်ဖို့ဒ်ကိုနှစ်မှတ်ဖြတ်ပြီး အဆင့်(၂)ရခဲ့ခြင်းဖြစ်သည်။ ဝက်စ်ဘရွန်းသည် ၂ဝ၁၇-၁၈ ဘောလုံး ရာသီက ချန်ပီယံရှစ်သို့တန်းဆင်းခဲ့ရပြီးနောက် နှစ်ရာသီကြာကစားခဲ့ရသည်။
လက်ရှိတွင် ဝက်စ်ဘရွန်းကို ဝက်စ်ဟမ်းနှင့် အဲဗာတန်နည်းပြဟောင်း ဘီလစ်က တာဝန်ယူနေသည်။ ဝက်စ်ဘရွန်းသည် ယမန်နှစ် ပရီးမီးယားလိဂ်တန်းတက် ဆီမီးဖိုင်နယ်တွင် ဗီလာကိုရှုံးနိမ့်ခဲ့၍ ကံခေခဲ့သော်လည်း ယခုနှစ်တွင် ပရီးမီးယားလိဂ်သို့ပြန်ရောက်ခဲ့သည်။
တန်းတက် ပလေးအော့ဖ် ဆီမီးဖိုင်နယ်ပွဲများအဖြစ် ဘရန့်ဖို့ဒ်နှင့် ဆွမ်ဆီး၊ ဖူလ်ဟမ်နှင့် ကာဒစ်ဖ်တို့မှာ ဇူလိုင် ၂၇၊ ၂၈၊ ၃ဝ၊ ၂၁ ရက်များ၌ ကစားမည်ဖြစ်ကြောင်း သိရသည်။















