အင်္ဂါဂြိုဟ်လေ့လာရေး အာကာသယာဉ်တင်ဆောင်ထားသည့် ဒုံးပျံ တရုတ်လွှတ်တင်

အင်္ဂါဂြိုဟ်လေ့လာရေး အာကာသယာဉ်တင်ဆောင်ထားသည့် ဒုံးပျံ တရုတ်လွှတ်တင်

တရုတ်သည် အင်္ဂါဂြိုဟ်လေ့လာရေးယာဉ်တင်ဆောင်ထားသည့် ဒုံးပျံတစ်စင်းကို ဇူလိုင် ၂၃ ရက်တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီဖြစ်သည်။

ထျန်းဝမ်- ၁ သို့မဟုတ် ကောင်းကင်ဘုံသို့ မေးခွန်းများ ဟု အမည်ပေးထားသည့် လေ့လာရေးယာဉ်တင်ဆောင်ထားသည့် Long March 5 ဒုံးပျံကို နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းရှိ ဝန်ချန်းအာကာသယာဉ်လွှတ်တင်ရေးစခန်းမှ ဒေသဆိုင်ရာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် လွှတ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်အမျိုးသား အာကာသစီမံခန့်ခွဲမှုဗဟိုဌာန(CNSA) က ထုတ်ပြန်ခဲ့သည်။

အာကာသလေ့လာရေးယာဉ်သည် အင်္ဂါဂြိုဟ်သို့ရောက်ရှိရန် ခုနစ်လအချိန်ယူရမည်ဖြစ်သည်။ အာကာယာဉ်သည် အင်္ဂါဂြိုဟ်ပတ်လမ်းသို့ရောက်ရှိပါက လေ့လာရေးယာဉ်သည် ဆင်းသက်ရေးအကူအညီဖြင့် အင်္ဂါဂြိုဟ်မျက်နှာပြင်သို့ ဆင်းသက်မည်ဖြစ်သည်။ အင်္ဂါဂြိုဟ်ပတ်လမ်းတွင် လှည့်ပတ်ပြီး လေ့လာခြင်း၊ ဂြိုဟ်မျက်နှာပြင်သို့ ဆင်းသက်သွားလာခြင်းနှင့် ဂြိုဟ်ဝန်းကျင်အခြေအနေကို စူးစမ်းခြင်းဆိုသည့် တာဝန်သုံးရပ်ကို ထမ်းဆောင်မည်ဖြစ်သည်။

ရှေးစာဆို ချူယွန်၏ ကဗျာတစ်ပုဒ်၏အမည်ကိုအစွဲပြုကာ အာကာသယာဉ်ကို အမည်ပေးထားခြင်းဖြစ်သည်။ အာကာသစူးစမ်းလေ့လာမှုအပြင် လူငယ်များကြား သိပ္ပံချစ်စိတ်ရှိလာရေးအတွက်ရည်ရွယ်ကာ အာကာသယာဉ်ကို အမည်ပေးထားခြင်းဖြစ်ကြောင်း အာကာသစီမံခန့်ခွဲမှုဗဟိုဌာနက ပြောဆိုခဲ့သည်။

ရီလွင် ဘာသာပြန်သည်။