နာဂျစ်ရာဇတ် အစိုးရအဆင့်မြင့်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ချိန် ခုနှစ်နှစ်ကျော်ကာလအတွင်း မပေးဆောင်ခဲ့သော အခွန်ငွေ မလေးရှားရင်းဂစ် ၁ ဒသမ ၆၉ ဘီလီယံ(ဒေါ်လာ ၃၉၇ ဒသမ ၄၁ သန်း) အား ပေးဆောင်စေရန် တရားရုံးတစ်ရုံးက ဇူလိုင် ၂၂ ရက်တွင် အမိန့်ချမှတ်လိုက်ကြောင်း မလေးရှားသတင်းဌာန Bernama ကဖော်ပြခဲ့သည်။
နာဂျစ်ရာဇတ်သည် နိုင်ငံပိုင်ရန်ပုံငွေ 1MDB ထဲမှ ငွေသန်းပေါင်းများစွာကို အလွဲသုံးစားလုပ်ခဲ့မှုအပါအဝင် အကျင့်ပျက်ခြစားမှုမျိုးစုံဖြင့် တရားစွဲဆိုခံထားရသည်။ အကျင့်ပျက်ခြစားမှုများ ဖော်ထုတ်ခံရပြီးနောက် အများပြည်သူ မကျေမနပ်ဖြစ်ကာ နာဂျစ်၏ပါတီသည် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။
1MDB မှ ငွေများဖြင့် ဝယ်ယူထားသည့် ပိုင်ဆိုင်မှုပစ္စည်းများနှင့်ပတ်သက်၍လည်း အမေရိကန်တရားရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။ သို့သော် မတရား စွပ်စွဲမှုများသာဖြစ်ကြောင်း နာဂျစ်က ဖြေရှင်းထားသည်။
ယခုဖြစ်စဉ်တွင် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ပင်လျှင် အခွန်ပေးဆောင်ရမှုမှ ကင်းလွတ်ခွင့်မရှိသောကြောင့် အစိုးရထံသို့ ပေးရန် ကျန်ရှိသည့် ကြွေးမြီများကို ပြန်ဆပ်ရမည်ဖြစ်ကြောင်း အထက်ရုံးတရားသူကြီး အာမတ် ဘာခါက ဆုံးဖြတ်ခဲ့သည်။
၂၀၁၁ မှ ၂၀၁၇ ခုနှစ်အတွင်း နာဂျစ် မပေး ဆောင်ခဲ့သော အခွန်ငွေအလုံးစုံကို ပြန်လည်ရယူရန်အတွက် အကောက်ခွန်ဌာနက ဇွန်နှောင်းပိုင်းတွင် အမှု ဖွင့်ခဲ့ခြင်းဖြစ်သည်။ နာဂျစ်သည် မလေးရှားဝန်ကြီးချုပ်အဖြစ် ၂၀၀၉ မှ ၂၀၁၈ အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ နိုင်ငံဖွံ့ဖြိုးရေးရန်ပုံငွေ 1MDB တည်ထောင်ခဲ့သူဖြစ်ကာ ယင်းရန်ပုံငွေထဲမှ ဒေါ်လာ ၄ ဒသမ ၅ သန်းခန့် ကို အလွဲသုံးစားလုပ်ခဲ့ကြောင်း အမေရိကန်နှင့် မလေးရှား အာဏာပိုင်များက ပြောဆိုခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ အမှုနှင့်ပတ်သက်ပြီး လာမည့် ဇူလိုင်လ ၂၈ ရက်နေ့တွင် အခြားတရားရုံးတစ်ရုံးက အမိန့်ချရန်ရှိနေသည်။
နာဂျစ်၏ ညီညွတ်သော မလေးအမျိုးသားအဖွဲ့(UMNO) သည် ဝန်ကြီးချုပ် မူယစ်ဒင် ယက်ဆင်ဦးဆောင်သော ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ပါဝင်ပြီး လွန်ခဲ့သော ငါးလခန့်တွင် အာဏာပြန်လည်ရရှိခဲ့သော်လည်း ပါတီကို နာဂျစ်ဦးဆောင်ခွင့်မရခဲ့ချေ။

















