အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီရှိ လူလေးပုံတစ်ပုံ COVID-19 ကူးစက်ခံထားရကြောင်း လေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။
လွန်ခဲ့သောအပတ်တွင် အိန္ဒိယ၌ COVID-19 ကူးစက်သူ တစ်သန်းပြည့်မြောက်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးပြီးနောက် COVID-19 ကူးစက်သူ တတိယအများဆုံးနိုင်ငံဖြစ်လာခဲ့သည်။ ဒေလီရှိ လူ ၂၁၃၈၇ ဦးတို့အား အမျိုးသားရောဂါထိန်းချုပ်ရေးဗဟိုဌာနက သွေးစစ်ဆေးခဲ့ရာ ၂၃ ဒသမ ၄၈ ရာခိုင်နှုန်း၌ ယခင်က ဗိုင်းရပ်စ်ကူးစက်ခံရသည်ကို ညွှန်းဆိုသည့် IgG ပဋိဇီဝပစ္စည်းများကိုတွေ့ရှိခဲ့သည်။
ဒေလီ၌ လူဦးရေ သန်း ၂၀ ကျော်ရှိနေသည့်အတွက် လူ ၄ ဒသမ ၇ သန်းသည် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း သတ်မှတ်လို့ရနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။ အစိုးရကထုတ်ပြန်ထားသည့် ဒေလီရှိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၅၀၀၀ ထက် အဆ ၄၀ ပိုမိုများပြားနေသည်။
အစိုးရ၏ COVID-19 တိုက်ဖျက်ရေးလုပ်ဆောင်မှုများကို ချီးကျူးပြောဆိုခဲ့သော်လည်း ဒေလီရှိ လူများစွာသည် ဗိုင်းရပ်စ်ကူးစက် ခံထားရသော်လည်း လက္ခဏာမပြသူများဖြစ်ကြကြောင်း လေ့လာမှုက သုံးသပ်ထားသည်။ ဇွန် ၂၇ မှ ဇူလိုင် ၁၀ ရက်အတွင်း လေ့လာမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြို့တော်၌ နေထိုင်သူ ၇၅ ရာခိုင်နှုန်းကျော်သည် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေရှိနေကြောင်း ဗဟိုဌာနအကြီးအကဲ ဆူဂျစ် ကူးမား ဆင်းကပြောဆိုခဲ့သည်။ အိန္ဒိယ၌ ဇူလိုင် ၂၂ ရက်အထိ COVID-19 ကူးစက်သူ ၁ ဒသမ ၁၉ သန်းနှင့် သေဆုံးသူ ၂၉၀၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မဟာရာသျှတ္တရ၊ ဒေလီနှင့် တမီလ် နာဒူးတို့သည် ကူးစက်ဒဏ် အများဆုံးခံနေရသည်။ ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ၏အစိုးရသည် မတ်အကုန်ပိုင်းတွင် အတင်းကျပ်ဆုံးဟု ပြောနိုင်သည့် ကူးသန်းသွားလာမှုပိတ်ပင်ချက်ကို ချမှတ်ခဲ့သော်လည်း စီးပွားရေးထိခိုက်မှုများကြောင့် မကြာသေးမီလများတွင် ပိတ်ပင်ချက်များကို တဖြည်းဖြည်းလျှော့ချခဲ့သည်။
သို့သော် ကူးစက်သူဦးရေ ပြန်တက်လာသဖြင့် ဘင်ဂလော၊ ဘီဟာ၊ အနောက်ဘင်္ဂလား၊ ကေရာလာနှင့် တမီလ်နာဒူးတို့၌ ကူးသန်းသွားလာမှု ကန့်သတ်ချက်များကို ပြန်လည်တင်းကျပ်ခဲ့သည်။ အိန္ဒိယနိုင်ငံတစ်ဝန်း မကြာသေးမီရက်သတ္တပတ်များမှစ၍ နေ့စဉ်ကူးစက်သူဦးရေသည် ၁၀၀၀ ခန့်သာရှိပြီး ကူးစက်မှုနှုန်းလျော့ကျလာခဲ့သည်။ ဇွန်အကုန်ပိုင်း၌ တစ်ရက်လျှင် ကူးစက်သူ ၄၀၀၀ ခန့်ရှိခဲ့သည်။

















