သြစတြေးလျ၌ တစ်ရက်အတွင်း COVID-19 ဖြင့်သေဆုံးသူ စံချိန်တင်ရှိခဲ့

သြစတြေးလျ၌ တစ်ရက်အတွင်း COVID-19 ဖြင့်သေဆုံးသူ စံချိန်တင်ရှိခဲ့

သြစတြေးလျရှိ လူဦးရေ ဒုတိယအထူထပ်ဆုံးဖြစ်သည့် မဲလ်ဘုန်းမြို့၌ COVID-19 ကူးစက်သူသစ်ဦးရေ မြင့်တက်လာနေပြီး သုံးလအတွင်း တစ်ရက်လျှင် COVID-19 ဖြင့် သေဆုံးသူဦးရေ စံချိန်တင်နေမြင့်တက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

ဇူလိုင် ၂၃ ရက်အထိ ၂၄ နာရီအတွင်း ဗစ်တိုးရီးယားပြည်နယ်တွင် COVID-19 ကူးစက်သူသစ် ၄၀၃ ဦးရှိခဲ့ပြီး COVID-19 ဖြင့်သေဆုံးသူ ငါးဦးရှိခဲ့ကြောင်း သိရသည်။  အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးအပါအဝင် ယခုကဲ့သို့ ၅ ဦး သေဆုံးမှုသည် ဧပြီနှောင်းပိုင်းမှစ၍ နိုင်ငံအတွင်း တစ်ရက်အတွင်း COVID-19 ဖြင့် သေဆုံးသူ အများဆုံးရှိခဲ့ခြင်းဖြစ်သည်။

''အခုလိုမျိုး စိုးထိတ်စရာ ကူးစက်မှုနှုန်းတွေ တိုးလာနေတာဟာ ကျွန်တော်တို့ရဲ့ လူမှုအဖွဲ့အစည်းကို ထိခိုက်မှုရှိနေတယ်ဆိုတာကို ပြသနေပါတယ်'' ဟု သြစတြေးလျ ကျန်းမာရေးဝန်ကြီး ဂျင်နီမီကာကော့စ်က မဲလ်ဘုန်းမြို့၌ သတင်းထောက်များကို ပြောဆိုခဲ့သည်။

မဲလ်ဘုန်းမြို့ အာဏာပိုင်များသည် COVID-19 ကူးစက်မှုနှုန်းကို ဂဏန်းသုံးလုံးအောက်သို့ လျော့ကျစေရန် မစွမ်းဆောင်နိုင်သေးသဖြင့် မဲလ်ဘုန်းမြို့အပါအဝင် ဗစ်တိုးရီးယားပြည်နယ်တစ်ဝန်း၌ အိမ်အပြင်ထွက်လျှင် နှာခေါင်းစည်းမတပ်မနေရ တပ်ရန် လိုအပ်လာပြီဖြစ်သည်။ လက်ရှိတွင် သြစတြေးလျသည် တစ်နိုင်ငံလုံးအတိုင်းတာဖြင့် COVID-19 ကူးစက်ခံရ သူ ၁၃၀၀၀ ဝန်းကျင်ရှိနေပြီဖြစ်ကာ သေဆုံးသူမှာ ၁၂၉ ဦးအထိ တိုးမြင့်လာခဲ့သည်။

မေလအလယ်ပိုင်း၌ ကန့်သတ်မှုများကို ဖြေလျှော့ပေးလိုက်ပြီးနောက် ကူးစက်သူဦးရေ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ လူစုလူဝေးမှုပိတ်ပင်သည့် စည်းမျဉ်းများ၊ အသွားအလာကန့်သတ်မှုများနှင့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းထားစဉ်တွင် COVID-19 ကူးစက်မှုနှုန်း နှေးကွေးခဲ့သည် ဟု သြစတြေးလျဘဏ္ဍာရေးဝန်ကြီး ဂျို့ရှ် ဖရိုင်ဒန်ဘတ်က ပြောဆိုခဲ့သည်။

''ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်းမှာ မကြုံခဲ့ရဖူးတဲ့ ကျန်းမာရေးနဲ့ စီးပွားရေးဆိုင်ရာ အကျပ်အတည်းတွေကို သြစတြေးလျနိုင်ငံ ကြုံတွေ့နေရပါတယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေးဟာဆိုရင် အကြီးအကျယ်ကို ထိခိုက်နစ်နာမှုရှိနေပြီး ကျွန်တော်တို့ ရင်ဆိုင်ရ မယ့် စိန်ခေါ်မှုတွေလည်း အများကြီးရှိနေပါတယ်'' ဟု ဖရိုင်ဒန်ဘတ်က ပြောဆိုခဲ့သည်။