ပွဲပြီးခါနီးဂိုးကြောင့် အူဒီးနီးစ်အား နှစ်ဂိုး တစ်ဂိုးဖြင့် ဂျူဗင်တပ်စ် ရှုံးနိမ့် ဂျူဗင်တပ်စ်အသင်း မောပန်းနေကြောင်း နည်းပြဆာရီ ပြောဆို

ပွဲပြီးခါနီးဂိုးကြောင့် အူဒီးနီးစ်အား နှစ်ဂိုး တစ်ဂိုးဖြင့် ဂျူဗင်တပ်စ် ရှုံးနိမ့် ဂျူဗင်တပ်စ်အသင်း မောပန်းနေကြောင်း နည်းပြဆာရီ ပြောဆို

ဂျူဗင်တပ်စ်သည် ဇူလိုင် ၂၃ ရက်က စီးရီးအေပွဲစဉ်(၃၅)အဖြစ် အူဒီးနီးစ်ကွင်းသို့ သွားရောက်ကစားခဲ့ရာ နောက်ခံလူဒီလစ်၏ ပထမပိုင်းသွင်းဂိုးကြောင့် ဦးဆောင်နိုင်ခဲ့ သော်လည်း ဒုတိယပိုင်းတွင် ဂိုးများပြန်ပေး ခဲ့ရသောကြောင့် နှစ်ဂိုး တစ်ဂိုးဖြင့်ရှုံးနိမ့် ခဲ့ကြောင်း သိရသည်။

ဂျုဗင်တပ်စ်ပွဲထွက်လူစာရင်းတွင် စီရို နယ်ဒို၊ ဒိုင်ဘာလာ၊ ဘာနာဒက်ချီ၊ ရမ်ဆေး၊ ဘန်တန်ကာနှင့် ရာဘီယော့တို့ပါဝင်ခဲ့ပြီး အူဒီးနီးစ်အား ဖိအားပေးကစားခဲ့ရာ ၄၂ မိနစ်၌ ဦးဆောင်ဂိုးရခဲ့ပြီး နယ်သာလန် နောက်ခံလူ ဒီလစ်က ပင်နယ်တီဧရိယာ ထိပ်မှ သွင်းယူပေးခဲ့သည်။ အူဒီးနီးစ်သည် ၅၂ မိနစ်တွင် ချေပဂိုးပြန်ရခဲ့ရာ နက်စတို ရော့ဗ်စကီးက ခေါင်းတိုက်သွင်းပေးခဲ့ခြင်း ဖြစ်သည်။

တစ်ဂိုးစီသရေရလဒ်ဖြင့် ပြီးဆုံး မည်ဟုထင်မှတ်ရသော်လည်း အူဒီးနီးစ် သည် နောက်ဆုံးမိနစ်၌ အနိုင်ဂိုးရခဲ့ပြီး ဖိုဖာနာက သွင်းယူခဲ့သည်။ ဂျူဗင်တပ်စ် သည် တစ်ပွဲလုံးတွင် ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်းရရှိအောင်ကစားပြီး ဂိုးပေါက် ခြိမ်းခြောက်မှု (၂၁)ကြိမ်ရခဲ့သော်လည်း ဂိုးအခွင့်အရေးများလွဲချော်ကာ အံ့အား သင့်ဖွယ်ရှုံးနိမ့်ခဲ့၍ ကိုးနှစ်ဆက် စကူဒက် တိုဆုသိမ်းပိုက်ရန်မှာ ကြန့်ကြာနေရသည်။

ဂျူဗင်တပ်စ်သည် လက်ရှိတွင် နောက်ဆုံး ကစားခဲ့သော စီးရီးအေငါးပွဲဆက် ဂိုးပေး ခဲ့ရပြီး တစ်ပွဲသာအနိုင်ရခဲ့သည်။ ဂျူဗင် တပ်စ်သည် ဇူလိုင်လအတွင်း ခြောက်ပွဲ အထိကစားထားရာ ပွဲဆက်များနေခြင်းက ပြဿနာတစ်ရပ်ဟု နည်းပြဆာရီက ရှုမြင် နေသည်။

ဆာရီက ''ဒီနှစ်ဘောလုံးရာသီက တော်တော်လေးခက်ခဲပါတယ်။ ပြိုင်ဘက် အသင်းတွေအားလုံးက ကွဲပြားခြားနားတဲ့ ပုံစံနဲ့ကစားနေပြီး အားလုံးမောပန်းနေကြ တာပါ။ ဒါကြောင့်ပဲ ကျွန်တော်တို့အသင်းဟာ မာရေကျောရေ မကစားနိုင်ဘူးဖြစ်နေ ပါတယ်။ လက်ရှိမှာတော့ မာမာထန်ထန် ကစားနိုင်တာထက် စုစုစည်းစည်းကစားဖို့က ပိုအရေးကြီးတယ်လို့ ကျွန်တော်ယုံကြည် ပါတယ်။ အသင်းက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျဆင်းပြီး အားလုံးမောပန်း နေတယ်။ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်း ဆိုင်ရာက ပိုထိနေတာပါ။ ချေပဂိုးပေးလိုက် ရပြီးနောက်ပိုင်း ကျွန်တော်တို့ တည်ငြိမ်မှု ပျောက်ဆုံးခဲ့တယ်''ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ နည်းပြဆာရီက လက်ရှိ တွင် လိုင်ယွန်နှင့် ချန်ပီယံလိဂ်ပွဲအကြောင်းကို စဉ်းစားခြင်းမရှိကြောင်း ဆိုခဲ့သည်။ ဂျူဗင် တပ်စ်သည် သြဂုတ် ၈ ရက်၌ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ဒု-ကျော့အဖြစ် လိုင်ယွန် အား လက်ခံကစားရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး